Friday, July 24, 2015

ချင်းမိုင် တွင် မြန်မာကောင်စစ်ဝန်ရုံး ဇူလိုင် ၂၉ ရက် ဖွင့်လှစ်မည်

နန်းမြနဒီ

ထိုင်းနိုင်ငံမြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေပါ မြန်မာသံရုံး ဆိုင်ရာကိစ္စတွေ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံး ရှေ့လာမယ့်သီတင်းပတ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့မှာ ကျင်းပသွားဖို့ရှိပြီး ဘန်ကောက်အခြေစိုက် မြန်မာသံရုံးအတိုင်း အစစအရာရာ ၀န်ဆောင်မှုပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရုံးက သံရုံးတရုံးလိုပါပဲ။ သူရဲ့ ဆောင်ရွက်ချက်တွေက သံရုံးတရုံးလိုပဲ သူလုပ်ဆောင်နိုင်တာပေါ့နော်။ ထိုင်းနိုင်ငံ နခွမ်စ၀မ်ခရိုင်ကနေစပြီး မြောက်ပိုင်းတခုလုံးက ပတ်စပို့၊ ဗီဇာစတဲ့ သံရုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လာပြီး ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ပါ။ အလုပ်သမားတွေလည်း နိုင်ငံသားစိစစ်ရေးကိစ္စတွေ ဆက်သွယ်လို့ ရတယ်။ အလုပ်သမားသံအ ရာရှိတွေ၊ စစ်သံမှူးတွေတော့ မလွှဲသေးဘူး။ လောလောဆယ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ၀န်ထမ်းက တွဲကိုင်ပါလိမ့်မယ်။ ၀န်ထမ်း ၅ ဦး အရင်ဆုံး ရုံးထိုင်ပါမယ်။”

ချင်းမိုင်ကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့တွင်း ဆီဖုမ်းရပ်ကွက်ရှိ မနီးနုတ်ဖလပ်လမ်းသွယ် ၃၊ အိမ်အမှတ် ၉/၄ မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။

ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကလည်း ဖွင့်လှစ်ခဲ့ဖူးပြီး လုံခြုံရေးကြောင့် ပိတ်ထားခဲ့ရာက အခုမှ ပြန်ဖွင့်တာပါ။

မြန်မာသံရုံးတာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံး လာရောက်ဖွင့်လှစ်ရင်း ချင်းမိုင်မှာရှိတဲ့ ၀ပ်ဆိုင်းမွန် မြန်မာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညကို နိုင်ငံတော် အစိုးရက ချီးမြှင့်တဲ့ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ အခမ်းအနားကိုလည်း ကျင်းပဖို့ ရှိပါတယ်။

No comments: