Thursday, July 30, 2015

ထိုင်းရောက် မြန်မာနိုင်ငံသားများ ချင်းမိုင်တွင် ဆန္ဒမဲပေးနိုင်

နန်းမြနဒီ

လာမယ့် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံမြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး မဲပေးဖို့ အဆင်မပြေဘူးဆိုရင် ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာ လာရောက်မဲပေးနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဇူလိုင် ၂၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးဖွင့်ပွဲ အခမ်းအနားမှာ ဒီဗွီဘီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပုံစံ ၁၅ ကို ကျနော်တို့ဝက်ဘ်ဆိုက်မှာ တင်ထားတယ်။ ဖြည့်ပြီးတော့ အီးမေးလ်နဲ့သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဒီမှာလာပေးဖို့ လိုပါတယ်။ နောက်ဆုံးရက်က ၁၈ ရက် ၈ လ ဖြစ်ပါတယ်။ ဆန္ဒမဲပေးမယ့်သူဟာ အခြေခံမဲစာရင်းမှာ နာမည်ပါတဲ့သူပဲ ဖြစ်ရပါမယ်။ မဲဘယ်နေ့မှာ ဘယ်လိုထည့်မလဲဆိုတာကို ကျနော်တို့ ထပ်ပြီး အကြောင်းကြားပါမယ်။”

ပုံစံ ၁၅ ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာလည်း ဒေါင်းလုတ်ဆွဲယူနိုင်ပြီး အချက်အလက် ဖြည့်ပြီးသားဖောင်တွေ ပြန်လာပို့တဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ ၊ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့ အတွင်းစာမျက်နှာများ မိတ္တူကိုပါ ပူးတွဲပေးပို့ရမယ်လို့ ဆိုပါတယ်။

ချင်းမိုင်က မြန်မာကောင်စစ်ဝန်ရုံးမှာ ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ ဗီဇာကိစ္စ၊ နိုင်ငံသားစိစစ်ရေး ကိစ္စ အစရှိတဲ့ သံရုံးနဲ့ဆိုင်တဲ့ ကိစ္စတွေ လာရောက်ဆက်သွယ်နိုင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်တဲ့ပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး ထနဆဒ်ဒီ ပတိမာကွန်း တို့က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အမှာစကားတွေ ပြောကြားခဲ့ပြီး မြန်မာသံရုံးအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတွေ၊ အငြိမ်းစားထိုင်း-မြန်မာသံမှူးတွေ၊ ချင်းမိုင်ခရိုင်ဝန်၊ မြူနီစီပယ်ဝန်နဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။

ချင်းမိုင်ကောင်စစ်ဝန်ရုံးဟာ ဆီဖုန်းရပ်ကွက် မနီးနုတ်ဖလတ်လမ်းသွယ် ၃ အိမ်အမှတ် ၉/၄ မှာတည်ရှိပြီး ဆက်သွယ်ရန်ဖုန်း နံပတ်မှာ ၆၆ ၅၃ ၂၁၆ ၁၉၁ ဖြစ်ပါတယ်။

No comments: