Wednesday, July 29, 2015

ကျွဲနွား ၁၈ ကောင်နှင့်အတူ နွားခိုးဂိုဏ်း တစ်ခုကို မြန်မာ့ ရေတပ် ဖမ်းဆီး

စံမောင်သန်း


မြန်မာ့ရေတပ်မှ ဘင်္ဂလီ လူမျိုး ခြောက်ဦးပါဝင်သော နွားခိုးဂိုဏ်းတစ်ခုကို ခိုးကျွဲနွား ၁၈ ကောင်နှင့် အတူ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ ဒုရဲအုပ် အေးခင်မောင်က ပြောသည်။

ကျွဲ ၁၂ ကောင်၊ နွား ၆ ကောင်တင်ဆောင်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ခွာစဉ် ယင်းစက်လှေသည် ရသေ့တောင်မြို့နယ် ဆားပြင်ကြီးရွာ အနီး မယူမြစ်ကမ်းဘေးတွင် သောင်တင်နေကြောင်း၊ ရေချမ်းပြင် အခြေစိုက် ရေတပ်သင်္ဘောက သတင်းအရ လိုက်ပါသွားခဲ့ရာ ဘင်္ဂလီ ၆ ဦးနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သူက ပြောဆိုသည်။

ဖမ်းဆီးရမိသူ နွားခိုးဂိုဏ်းဝင် ဘင်္ဂလီများမှာ ကြိမ်နီပြင်နှင့် အနောက်ရဲ ဒုက္ခသည်စခန်းမှ ဖြစ်ကြောင်း ရဲအုပ် အေးခင်မောင်က အတည်ပြုပြောဆိုသည်။

ဖမ်းဆီးရမိပြီးနောက် ရေတပ်မှ ယင်းဘင်္ဂလီ ၆ ဦးကို မြို့မရဲစခန်းသို့ လွဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါ မြို့မရဲစခန်း၌ စစ်ဆေး မေးမြန်းစစ်ဆေးနေသည်ဟု သိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ပေါက်တောမြို့နယ် ၀က်မင်းကျားကျေးရွာမှ ပျောက်ဆုံးသွားသော နွား ၇ ကောင်၊ ကျွဲတစ်ကောင်ထဲမှ နွား ၆ ကောင်ကို လွန်ခဲ့သော အပတ်က ပေါက်တောမြို့နယ် အနောက်ရဲ ဘင်္ဂလီဒုက္ခသည်စခန်းအနီး တောစပ်နားတစ်နေရာမှ ရရှိခဲ့သည်။

ရခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့မှ ဇွန်လကတည်းက ဆက်တိုက်ဆိုသလိုမျိုး ကျွဲနွား အခိုးခံရမှုများ ဖြစ်ပေါ်ခဲ့သော်လည်း တရားခံနှင့် ကျွဲ နွားများကို ဖမ်းဆီးရမိမှု မရှိခဲ့ပေ။ ယခုဖမ်းဆီးရမိမှုသည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

No comments: