Thursday, July 30, 2015

မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၌ ဒီရေမြင့်တက်လာနိုင်

ခင်ဦးသာ


ဘင်္ဂလားပင်လယ်အော်၌ ဗဟိုပြု၍ ဖြစ်ပေါ်နေသော အ၀ါရောင် မုန်တိုင်းငယ်သည် လာမည့် ၃၆ နာရီအတွင်း ရခိုင် ကမ်းရိုးတန်းတလျှောက် ဖြတ်သွားနိုင်၍ ကမ်းရိုးတမ်း ဒေသတချို့၌ ပင်လယ် ဒီရေ ၈ ပေ မှ ၁၀ ပေအထိ မြင့်တက် လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထိုမုန်တိုင်းငယ်သည် လက်ရှိတွင် ရခိုင်ပြည်နယ် မောင်တောမြို့မှ အနောက်မြောက်ဘက် ၆၅ မိုင် အကွာတွင် လည်းကောင်း၊ စစ်တွေမြို့မှ အနောက်မြောက်ဘက် မိုင် ၁၁၀ အကွာ၌ လည်းကောင်း ဗဟိုပြု၍ တည်ရှိနေပြီး၊ လာမည့် ၃၆ နာရီ အတွင်း ရခိုင်ကမ်းရိုး တန်းတလျှောက် ဖြတ်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မုန်တိုင်း ဒီရေ ရုတ်တရက် မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ် က ဧရာဝတီ ကို ပြောသည်။

၎င်းက “မုန်တိုင်းက ရခိုင်ကမ်းရိုးတန်းကို ဖြတ်တဲ့အခါ အနီးဆုံးတွေ ဖြစ်တဲ့ မောင်တော ကမ်းခြေမှာ ၈ ပေ ကနေ ၁၀ ပေ လောက်အထိ မုန်တိုင်း ဒီရေမြင့်တက်လာနိုင်တယ်၊ စစ်တွေခရိုင် ကမ်းခြေမှာဆိုရင် ၆ ပေကနေ ၈ ပေလောက်အထိ မြင့်တက်လာနိုင်တယ်၊ ရုတ်တရက် ဖြစ်လာနိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းငယ်သည် အခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ အနောက်တောင်ဘက် မိုင် ၄၀ အကွာ၌ တည်ရှိနေပြီး ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းမှ ရခိုင်ကမ်းရိုးတန်း တလျှောက် ဖြတ်သန်းသွားမည် ဖြစ်သည်။

ထိုမုန်တိုင်းငယ်၏ ရိုက်ခတ်မှုကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ ဒေသများ၌ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်မှုများ ဖြစ်လာနိုင်ကြောင်း၊ မောင်တော ဒေသ၌ တနာရီ မိုင် ၅၀ မှ ၆၀ အကြား၊ စစ်တွေ ခရိုင်၌ တနာရီလျှင် ၄၅ မိုင်မှ ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ ညွှန်ချုပ်က ပြောသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်မှုတို့ ဖြစ်ပွားနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း စသည့် ဒေသများ၌လည်း မိုးကြီး၍ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းဒဏ် အများဆုံး ခံရနိုင်ဖွယ်ရှိသည့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက်၌ ငါးဖမ်းခြင်း၊ ရေကြောင်း ခရီးသွားလာခြင်း စသည်တို့ မလုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များက နှိုးဆော်ထားကြောင်း ရခိုင်ဒေသခံများက ဧရာဝတီကို ပြောသည်။

မောင်တော ဒေသ၌ မိုးဆက်တိုက် ရွာနေသည်မှာ ၄ ရက်ခန့် ရှိပြီး လေပြင်း တိုက်ခတ်မှုများလည်း ရှိကြောင်း၊ သို့သော် ယနေ့အထိ ရေလွှမ်းမိုးခြင်း၊ ထိခိုက် ပျက်စီးခြင်း စသည့် ဆုံးရှုံးမှုများ မရှိသေးကြောင်း၊ ဒေသခံများကလည်း မုန်တိုင်း ဖြစ်လာမည်ဟု နှိုးဆော်ထား၍ စိုးရိမ်စွာ စောင့်ကြည့်နေကြသည်ဟု မောင်တော ဒေသခံ ဦးဘရွှေ က ဧရာဝတီကို ပြောသည်။

အလားတူ စစ်တွေဒေသ၌လည်း မိုးဆက်တိုက်ရွာနေသည်မှာ တပတ်ခန့်ရှိနေပြီး လေပြင်းတိုက်ခတ်မှုများ ရှိကြောင်း၊ စစ်တွေ ခရိုင်အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့နယ်အများစု၌ ရေကြီးနေပြီး၊ လျှပ်စစ်မီးများ ပြတ်တောက် နေကြောင်း သိရသည်။ စစ်တွေမြို့၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့်အတွက် စာသင် ကျောင်းများ၊ လူနေအိမ် ဆယ်ချီ၍ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့ပေါ်၌လည်း လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ တရက်ကျော်ပြီ ဖြစ်ကြောင်း၊ စစ်တွေဒေသ၌ လျှပ်စစ်မီး ၃ ရက်ခန့် ပြတ်တောက်မည်ဟု သိရကြောင်း၊ သို့သော် မည်သည့် အတွက်ကြောင့် ပြတ်တောက်မည် ဆိုသည်ကို အာဏာပိုင်အဖွဲ့က ပြည်သူလူထုထံ ကြိုတင် အသိပေးမှု မရှိကြောင်း စစ်တွေမြို့ခံနှင့် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးအောင်မြကျော်က ဧရာဝတီ ကို ပြောသည်။

ရခိုင်ပြည်တ၀န်းရှိ မြို့နယ် အများစုတွင် မိုးကြီး၍ ရေလွှမ်းမှုများ ထပ်မံ ဖြစ်ပွားနေပြီး၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ဘူးသီးတောင်၊ တောင်ကုတ် စသည့်မြို့များ၌ ရေလွှမ်းမှု တချို့ဖြစ်ပွားနေကြောင်း သိရသည်။ ထိုဒေသများ၌ ယခုအခါ လူမှုကယ်ဆည်ရေး အထောက်အပံ့ အများအပြား လိုအပ်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်လတွင်လည်း ရခိုင်ပြည်တ၀န်း၌ မိုးကြီးခြင်း၊ မြေမြိုခြင်း၊ ရေလွှမ်းမိုးခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ကြောင့် လူ ၁၀ ကျော် သေဆုံးခဲ့ပြီး၊ စိုက်ပျိုး သီးနှံခင်းများ၊ စပါးစိုက်ခင်းများ၊ လယ်မြေဧက အများအပြား ဆုံးရှုံးခဲ့ရသည်။

No comments: