Wednesday, July 29, 2015

ချင်းမိုင် ၀ပ်ဆိုင်းမွန်း ဆရာတော်ကို မြန်မာအစိုးရက ဘွဲ့တံဆိပ်တော် ကပ်လှူ

ကျော်ခ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည မထေရ်မြတ်အား မြန်မာအစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများရှေ့၌ ယနေ့ ဆက်ကပ်လှူဒါန်းလိုက်သည်။

အဆိုပါ ဘွဲ့တံဆိပ်တော်ကို ယခုနှစ် (၆၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်းခြင်း ဖြစ်ပြီး ဆရာတော် ဘဒ္ဒန္တကောဏ္ဍည အနေဖြင့် ကြွရောက်ယူနိုင်ခြင်းမရှိသဖြင့် ယခုကဲ့သို့ လာရောက်ကပ်လှူရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က သတင်းထောက်များကို ပြောသည်။

“နိုင်ငံတော်ကတော့ မိမိဘာသာ၊ သာသနာအကျိုးကို ဆောင်ပြီးတော့ အမျိုးဘာသာ၊ သာသနာတော်ထွန်း ကားရေး အတွက် အားကျိုးမာန်တက်ဆောင်ရွက်နေတဲ့ ဆရာတော်၊ သံဃာတော်တွေကို နှစ်စဉ်၊ နှစ်တိုင်း ချီးမြှင့်နေတဲ့ အနေအထားနဲ့ ဆရာတော်ကြီးရဲ့ ဆောင်ရွက်ချက်တွေ၊ စွမ်းဆောင်မှုတွေကို နိုင်ငံတော် ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဘွဲ့တံဆိပ်ကို ဆပ်ကပ်တာဖြစ်ပါတယ်” ဟု ဦးဝဏ္ဏမောင်လွင် က ပြောသည်။

ယင်းဘွဲ့တံဆိပ်တော်ကပ်လှူပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Mr.Thanasak Patimaprakorn နှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် နှင့် သံရုံး အဖွဲ့ဝင်များ အပါအဝင် ချင်းမိုင်အခြေစိုက် လူမှုအသင်းအဖွဲ့များ၊ မြန်မာရွေ့ပြောင်းလုပ်သားများ တက်ရောက်ခဲ့ကြသည်။

ဝပ်ဆိုင်းမွန်းကျောင်းထိုင် ဆရာတော်ဟောင်း ဦးအာသဘ ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူသွားပြီးနောက် ထိုကျောင်းကို ကိုးကွယ်နေသည့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများအတွက် မြန်မာ ဘုန်းတော်ကြီးများ ဆက်လက် ကျောင်းထိုင်နိုင်ရေး အခက်တချို့နှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် မြန်မာအစိုးရက မြန်မာဆရာတော် ကျောင်းထိုင်နိုင်ရေး ပြုလုပ်ပေးခဲ့ပြီး ထိုင်းအစိုးရကလည်း အသိအမှတ်ပြုခဲ့သည်။

သံအမတ်ကြီး ဦးဝင်းမောင်က “ကျနော်တို့ အခုလိုပွဲလုပ်တာ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး၊ ထိုင်းလူမျိုးတွေရော၊ ထိုင်းဘုန်းကြီးတွေရော ဒီမှာ ဒီလိုလုပ်ပါတယ်ဆိုတာကို သူတို့သိအောင်၊ ကျနော်တို့ မြန်မာလူမျိုး မြန်မာဘုန်းကြီးတွေနဲ့လည်း ဆက်ဆံရေးတွေကောင်းအောင် ဝိုင်းဝန်းပြီးတယောက် ကိုတယောက်ကူညီနိုင်အောင်လို့ လုပ်ခြင်းဖြစ်ပါတယ်” ဟု သတင်းထောက်များကိုပြောသည်။

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ အပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ မြို့တချို့တွင် မြန်မာဘုန်းကြီးကျောင်းများ၌ မြန်မာဆရာတော်များ ကျောင်းထိုင်နိုင်ရေးအတွက် အငြင်းပွားဖွယ်ရာ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ဝပ်ဆိုင်းမွန်းကျောင်းကဲ့သို့ ထိုင်းနိုင်ငံ အစိုးရက အသိအမှတ်ပြုမှု ရရှိလာစေရန် ၎င်းလက်ထက်အတွင်း ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင် ကပြောသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည မထေရ်မြတ်အား မြန်မာအစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကပ်လှူပွဲ တက်ရောက်ကြသော ဧည့်ပရိတ်သတ်များကို နမ့်စန် ဆင်အကအဖွဲ့က ရိုးရာ ဆင်အက၊ တေးသီချင်းများဖြင့်ဖျော်ဖြေသည်။

No comments: