Thursday, July 30, 2015

လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သစ်ခိုးတရုတ်များနှင့် နိုင်ငံရေးအကျဉ်းသား တချို့ပြန်လွတ်လာ

မေစစ်ပိုင်

ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံလိုက်ရသည့် တရုတ်နိုင်ငံသား ၁၅၅ ဦး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ သမက်ဖြစ်သူ ဦးတင်ထွဋ်၊ ပုဒ်မ ၄၃၆ လက်မှတ်ထိုးမှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသော ဗိုလ်မှူးကျော်စွာဝင်း အပါအ၀င် နိုင်ငံရေးအကျဉ်းသာတချို့ သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းသာခွင့်ဖြင့် ပြန်လည် လွတ် မြောက်လာကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂၂ ရက်နေ့က ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၅၅ ဦးကို ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၈ ရက်အကြာ ဇူလိုင် ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ပြန်လည် လွတ်မြောက်လာသော တရုတ်နိုင်ငံသား ၁၅၅ ဦး ယနေ့တွင်မူ လူဝင်မှုကြီးကြပ် ရေး ၀န်ကြီးဌာနက မြစ်ကြီးနား-ကန်ပိုက်တီးလမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ နေ့တွင်းချင်း ပို့ဆောင်လွှဲပြောင်းမည် ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာန မှ သိရသည်။

“ဒီနေ့ပဲ ဟိုဘက်ကိုပြန်လွှဲပေးလိမ့်မယ်။ အခုထိတော့ မြစ်ကြီးနားထောင်ထဲမှာဘဲ ရှိနေတုန်းပဲ။ ပြန်ပို့ကြလိမ့်မယ်။ လွတ်ငြိမ်းခွင့်ကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန က အမိန့်စာကျလာတာ”ဟု ပြည်နယ် လဝက ရုံးမှ တာဝန်ရှိသူတဦး က ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား တရားခံ ၁၅၅ ဦးထဲမှ ၁၅၃ ဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ၃ အရ ထောင်ဒဏ် တသက်တကျွန်း ချခဲ့ပြီး ကျန် ၂ ဦးမှာ အသက်မပြည့်သေးသည့်အတွက် ကလေးသူငယ်ကျောင်းတွင် ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ပြီး မြစ်ကြီးနား အကျဉ်းထောင် တွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တရုတ်နိုင်ငံသား ၁၅၅ ဦးကို ယခုနှစ် ဇန်နဝါရီလတွင် စတင်ဖမ်းဆီးမိကြောင်း၊ ၎င်းတို့ကို သစ်တန်ချိန် ၄၅၀၀ ကျော်နှင့်အတူ ဝိုင်းမော်မြို့နယ် ဝါရှောင် မန်ဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်နှင့် ဆဒုံး သစ်လုပ်ကွက်တို့တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၊ ရွှေလီမြစ်ဝှမ်း ဒေသ ကို ၀င်ရောက်ကာ ဒေသအာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပုးပေါင်း၍ သစ်ခိုးထုတ်မှုများ ပြုလုပ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် စစ်တပ်၏ ကင်းထောက်လေယာဉ်များနှင့်ထောက်လှမ်းတွေ့ရှိရသည်ဟု ဆိုကာ တရုတ်သစ်ကားတန်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် က လူသားချင်းစာနာထောက်ထားသောအားဖြင့်ဟုဆိုကာ အကျဉ်းသား၊ အကျဉ်းသူ ၆၉၆၆ ဦးကို နိုင်ငံတဝှမ်းရှိ ထောင်အသီးသီးမှ ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲတွင် ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၏ သမက်ဖြစ်သူ ဦးတင်ထွဋ် က ပဲခူးထောင်မှ လည်း ကောင်း၊ ပုဒ်မ ၄၃၆ လက်မှတ်ထိုးသည့်အတွက် ထောင်ကျခံနေရသည့် ဗိုလ်မှူးကျော်စွာဝင်း က မန္တလေး အိုးဘိုထောင် မှလည်းကောင်း အသီးသီးလွတ်မြောက်လာကြကြောင်း သတင်းရရှိသည်။

အလားတူ သရက်ထောင်မှ နိုင်ငံရေးအကျဉ်းသား အောင်ကိုလတ်၊ မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသား သိန်းအောင်မြင့် တို့ ပြန်လည် လွတ်မြောက် လာကြောင်း၊ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် အရာရှိကြီးတချို့ ပြန်လည် လွတ်မြောက်လာသည်ဟု သတင်းထွက်ပေါ်သော်လည်း ဧရာဝတီသတင်းဌာနက အတည်ပြု နိုင်ခြင်းမရှိပေ။

No comments: