ဇူးဇူး
မန်မာနိုင်ငံတ၀န်း မုတ်သုံလေအားကောင်းပြီး မိုးများ ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား လျက် ရှိရာ ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုသည် အပျက်အစီးအများဆုံးဖြစ်ကာ လူ ၇ ဦး သေဆုံးကြောင်း သတင်း ရရှိ သည်။
ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၅ ရက်နေ့မှစ၍ မိုးများ ဆက်တိုက်ရွာသွားခဲ့ရာ ဇွန်လ ၂၆ ၊ ၂၇ ရက်နေ့များတွင် သံတွဲ၊ တောင်ကုတ်၊ အမ်း ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့တွင် လည်း ရပ်ကွက် ၂၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ရေကြီးမှုဖြစ်စဉ်တွင် လူ ၇ ဦး ရေနစ်သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရှိရသည်။
“အမ်းမှာ အမျိုးသား ၄ ယောက် ရေနစ်သေဆုံးသွားပါတယ်။ အမ်းမှာက ဒီလိုမျိုးရေကြီးတာ မကြုံဖူးကြဘူး။ သံတွဲမှာ ၂ ယောက် က ရေထဲ မျောသွားတယ်။ တောင်ကုတ်မှာ ၁ ယောက်က ရေနစ်သေဆုံးသွားတယ်။ သွားတဲ့လာတဲ့နေရာမှာ ဂရု မစိုက် လိုက်တာတွေ ကြောင့်ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် လူသေဆုံးမှုအပြင် အိမ်အလုံးရေ ၁၁၄ လုံးခန့် ရေထဲပါသွားကြောင်း၊ လက်ရှိအခြေအနေအရ အမ်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိပြီး မင်းဘူး-အမ်း-စစ်တွေလမ်းသည် ဇွန် ၂၅ ရက်က စတင်လမ်းကြောပိတ်သွားခဲ့ကြောင်း၊ ယခု လမ်းကြောပွင့်သွားပြီဖြစ်၍ ဇွန် ၃၀ ရက်ကစတင်၍ ကားလေး များနှင့် ခရီးသည်တင်ကားများကို ဖြတ်သန်းခွင့်ပြုနေပြီဖြစ်သော်လည်း တခြားသောလမ်းကြောင်းများမှာ ရေကြီးမှုကြောင့် ဖြတ်သန်း၍ မရသေးကြောင်း သိရှိရသည်။
“ပြင်ဆင်မှုတွေက စဖြစ်ပြီးနောက်တရက်ဆိုစလုပ်ပေမယ့် တော်တော်လေးပျက်စီးတာကိုး။ လမ်းတွေက ပေ ၂၅၀ ပေ ၄၀၀ လောက် ကျွံဆင်းသွားတာကိုး။ ပြင်ဆင်မှုက အဲလောက်မမြန်နိုင်ဘူး။ လုပ်ရမှာတွေက များတော့။ သွားလာရေး ခက်ခဲ နေသေးတယ်” ဟု ဦးလှဟန်က ဧရာဝတီသို့ ပြောသည်။
ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြောက်ပိုင်းတွင် ဇွန် ၂၈ ရက်ကစ၍ ရေများပြန်လည်ကျသွား ဖြစ်ကြောင်း၊ ဒေသခံများသည် မိမိတို့နေအိမ်တွင် ပြန်လည်နေထိုင်ကြပြီဖြစ်သော်လည်း အစားအစာနှင့်ရေ အခက်အခဲ များရှိနေကြောင်း ဒေသတွင်းကူညီမှုများဆောင်ရွက်နေသူများက ပြောသည်။
“ဒီမှာက လက်လုပ်လက်စားတွေ၊ ဆင်းရဲသားတွေများတယ်။ တောမတက်နိုင်တဲ့အတွက် သူတို့ဝမ်းရေး အခက်အခဲ ရှိတယ်။ ရေတွင်းတွေရေကန်တွေ ကျိုးပေါက်သွားတော့ သောက်ရေအခက်အခဲရှိတယ်။ တဖက်ကမ်း တောင်ပေါ်က ရေကိုခံပြီးသောက်နေရတဲ့အခြေအနေရှိတယ်” ဟု ဘူးသီးတောင်မြို့နယ်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးထွန်းအောင် သိန်းက ပြောသည်။
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် ရွှေပြည်သစ်အဝေးပြေးကားလိုင်း ကို ဇွန် ၂၇ ရက်မှ စတင်ကာ ဇူလိုင် ၄ ရက် အထိ ယာဉ်လိုင်းပြေးဆွဲမှုပိတ်ထားကြောင်း၊ ကားလက်မှတ်ဝယ်မည့်သူ များ၊ ကုန် ပစ္စည်း ပို့ချင်သူများအနေဖြင့် ဇူလိုင် ၄ ရက်နေ့တွင် လက်မှတ်ဝယ်နိုင်ပြီး ၅ ရက်တွင် စတင်ထွက်နိုင်မည်ဟု ခန့်မှန်း ထား ကြောင်း ရွှေပြည်သစ်အဝေးပြေးကားလိုင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“၂၇ ရက်နေ့ကဆိုရင် ခရီးသည်တွေက ဒီမှာရောက်နှင့်ပြီးသား မထွက်ဖြစ်တာ။ ငွေပြန်လိုချင်သူတွေကို ပြန်ပေးတယ်။ တချို့ ကတော့ ကားပြန်ထွက်မှပဲ လိုက်မယ်ဆိုတာတွေလည်းရှိတယယ်။ လမ်းအခြေအနေက မကောင်း သေးတော့ ခရီးသည်တွေ ကားပေါ်မှာ ဒုက္ခရောက်မှာစိုးလို့ပါ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ကားလမ်းများပျက်စီးနေခြင်းကြောင့် ကုန်စည်တင်ပို့ရာတွင် အချိန်ကြန့်ကြာမှုများရှိနေပြီး လမ်းတွင် ကုန် ကျ စရိတ် ပိုမိုမြင့်တက်လာကြောင်း၊ တချို့မှာ ကုန်စည်ပို့ဆောင်မှုများ လုံးဝရပ်နားထားကြောင်းလည်း ဒေသခံများ က ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ကြောင်း သိရသည်။
“ဘာမှမဖြစ်ဘူး။ မိုးရွာတော့ ရေနည်းနည်းတက်တာပေါ့။ အခုတော့ ဘာမှမဖြစ်တော့ဘူး။ အကုန်လုံး ပုံမှန်အနေ အထား ဖြစ်ပြီ။ နည်းနည်းပါးပါး ကားလမ်းရေကျော်တာလေးတွေ။ မြေပြိုတာလေးတွေဖြစ်တယ်။ ကြီးကြီးကျယ်ကျယ် ဘာမှ မဖြစ် ပါဘူး” ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် ဇွန်လ ၂၄ ရက်နေ့က တောင်ကျရေကြောင့် မြို့ပေါ် ရပ်ကွက် ၄ ခုတွင် ရေကြီးမှု ဖြစ်ပွား ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်လှစ်ခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ ကယ်ဆယ် ရေးစခန်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ကရင်ပြည်နယ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးမှုနှင့် လေပြင်းတိုက်ခတ်မှု ရင်ဆိုင်ခဲ့ ရပြီး ရွာနှစ်ရွာခန့် ရေဘေးသင့်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု မကြီးမားကြောင်း၊ ဇွန် ၂၇ ရက်တွင် မိုးရေချိန်မြင့်လာပြီး တောင် ကျရေနှင့် ပင်လယ်ရေတက်ချိန် ဆုံသွားပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့သော်လည်း နောက်နေ့တွင် ရေများပြန်လည် ကျသွား ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကြက်ခြေနီအသင်း ဦးစီးမှူး ပထမတန်း ဦးကြည်တင်က ဧရာဝတီသို့ ပြောသည်။
“ထားဝယ်မြို့ပေါ်က ရပ်ကွက်တခုမှာ ရေ၀င်ပြီး အိမ်နည်းနည်းမြုပ်တယ်။ ဒါပေမယ့် တရက်တာပါပဲ။ ချက်ချင်းပြန်ကျ သွားပါတယ်။ ရေဘေးစခန်းမဖွင့်ရပါဘူး။ အစိုးရရုံးအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဖွင့်ဖို့ပြင်ဆင်ထားပါတယ်။ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးတော့ မဖြစ်ခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရေး-ထားဝယ်ကားလမ်းဘေးရှိ မလွဲတောင် တောင်ပြိုသည့်အတွက် မြိတ်၊ ထားဝယ်၊ ရန်ကုန်ကားလမ်း ခဏပိတ်လိုက်ရကာ အဆက်အသွယ်ပြတ်တောက်ခဲ့သော်လည်း ဇွန် ၃၀ ရက်တွင် ပြန်လည်လမ်းပွင့် သွားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထားဝယ်တွင် မိုးသည်းထန်စွာရွာသွန်းစဉ် ဓာတ်ကြိုးပြတ်ကျ၍ လူ ၂ ဦး ဓာတ်လိုက်သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်သော်လည်း ဧရာဝတီက အာဏာပိုင်များထံမှ တရားဝင် အတည်ပြုနိုင်ခြင်းမရှိပေ။
“အခုတော့ ရေတွေလည်းပြန်ကျသွားပြီ။ နေတောင်သာနေပါတယ်။ ပျက်စီးမှုတွေအများကြီးမရှိပေမယ့် ၂၇ ရက်ကတော့ လေကြီးမိုးကြီးကျပြီး ဓာတ်ကြိုးတွေပြတ်ကျလို့ ဓာတ်လိုက်သေဆုံးတာ ၂ ယောက်တော့ရှိတယ်လို့ ကြားမိတယ်” ဟု ထားဝယ် ဒေသခံတဦးက ပြောသည်။
မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မိုးတိတ်သွားသည်နှင့် ရေများပြန်ကျသွားခဲ့ပြီး ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း မွန်ပြည်နယ် ကြက်ခြေနီအသင်းရုံးမှ သိရသည်။
ဇူလိုင် ၁ ရက်မှစ၍ မိုးလယ်ကာလရောက်ရှိပြီဖြစ်ပြီး မုတ်သုံလေအားကောင်းနေဆဲဖြစ်သောကြောင့် နိုင်ငံတ၀န်း မိုး ဆက်တိုက်ရွာနိုင်ကာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက်သို့ တက်လာနိုင်သည်ဟု ခန့်မှန်းထား ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
No comments:
Post a Comment