Tuesday, September 29, 2015

ဗိုလ်ကြီးဟောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဥပဒေမဲ့ ရိုက်နှက်မှု စုံညီခုံရုံးဖွဲ့စစ်ဆေးမည်

မင်းအောင်ခိုင်


တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူကာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှ့လာသူ ရခိုင်ပြည်နယ် အမ်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်က လက်ထောက်ဖြစ်သူ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်ကို ခေါင်းကွဲသည်အထိ ရိုက်နှက်ခဲ့မှုကို ဌာန ပေါင်းစုံ ပါဝင်သော စုံညီခုံရုံးအဖွဲ့ ဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်က ဒုတိယ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးစည်သူမြင့်က အထွေထွေ အုပ်ချုပ်ရေး ရုံးတွင် ၀န်ထမ်း တာဝန်ချထားမှုကိစ္စတခုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်ထံ ဖုန်းဆက် ခဲ့ကြောင်း၊ ထိုသို့ ဖုန်းဆက်မှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်က မကျေမနပ်ဖြစ်ကာ ဦးစည်သူမြင့်၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ၂၂ ချုပ်ရပြီး အမ်းမြို့နယ် ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ မှုကို ခံယူနေရကြောင်း သိရသည်။

အရိုက်ခံခဲ့ရသူ ဦးစည်သူမြင့်က“အဲဒီနေ့က ကျနော်ရုံးမှာ ဘောပင်ကျန်နေခဲ့လို့ ၀င်ယူပါတယ်။ ည ၁၀ နာရီ လောက်တော့ ရှိမယ်။ ဂျူတီကျနေတဲ့ ရုံးအကူ တူးမောင်က သူနေ့တိုင်း ဂျူတီကျနေရတယ်လို့ ပြောတယ်။ အဲဒါကို ကျနော်က မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး တင်ပြပါတယ်။ စီစစ်လိုက်ပါဦး ဆိုပြီးတော့ ဖုန်း ဆက်ပြီး တင်ပြလိုက်တယ်။ သူ့ကို ဖုန်းဆက် ရပါမလားဆိုပြီး တုတ်နဲ့ ရိုက်တာပါ။ ဖုန်းဆက်ပြီးတော့ ၁၀ မိနစ် လောက်အကြာမှာ ပြေးချလာပြီးတော့ နောက် က ၀င်ရိုက်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်သည် တပ်မ တော်မှ ဗိုလ်ကြီး အဆင့်ဖြင့် ပြောင်းရွေ့လာသူတစ်ဦး ဖြစ်ပြီး အဆိုပါအမှုကို ဌာနဆိုင်ရာ စုံညီခုံဖွဲ့ကာ စစ်ဆေးနေပြီး အမ်းမြို့ ရဲစခန်းကလည်း ပ/ ၃၇/ ၂၀၁၅၊ ပြစ်မှု ဆိုင်ရာပုဒ်မ ၃၂၃၊ ၃၂၅ တို့ဖြင့် အမှုဖွင့် အရေးယူထားကြေင်း၊ တရားစွဲဆိုနိုင်ရန်လည်း ခွင့်ပြုချက် တောင်းထားပြီ ဖြစ်ကြောင်း အမ်းမြို့မ ရဲစခန်းမှဒုရဲမှူး သောင်းလွင်က ဧရာဝတီသို့ ပြောသည်။

ဒုရဲမှူး သောင်းလွင်က“အဲဒီနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက အပြင်မှာပေါ့။ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ရုံးမှာပေါ့။ ရုံးမှာ ဂျူတီကျနေတဲ့ ကောင်လေး တယောက်အကြောင်းကို ဖုန်းဆက်ပြီး ပြောတယ်လို့ ပြောတယ်။ သူကလည်း လူငယ်ဆိုတော့ဗျာ။ သူ့ကို မထီမဲ့မြင်ပြုတဲ့ ပုံစံမျိုးမြင်သွားပြီး ဒေါသမထိန်းနိုင်ပဲ တွေ့တွေ့ချင်းဝင် ရိုက်တာပါ”ဟု ပြောသည်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော် အမ်းမြို့သို့ ပြောင်းရွှေ့လာသည်မှာ တနှစ်ကျော် ရှိပြီ ဖြစ်သော်လည်း ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့် ပြောင်းရွှေ့လာသည်မှာ ၂ လခန့်သာ ရှိသေးကြောင်း သတင်းရရှိသည်။

No comments: