Tuesday, September 29, 2015

မန္တလေးက ယာဉ်ထိန်းဈာပန အလွှာပေါင်းစုံက လိုက်ပါပို့ဆောင်

သန်းနိုင်ဦး

စက်တင်ဘာ ၂၅ ရက်။ မန္တလေးမြို့ ၂၈ -၂၉ကြား ၇၂-၇၃ကြား ရွှေလှံရပ်ကနေ အိမ်တအိမ်ရှေ့မှာ ကနဖျင်းထိုးထားပြီး ပလပ်စတစ်ထိုင်ခုံတွေ အစီအရီချထားတယ်။ စိတ္တရ လူမှုကူညီရေးအသင်းရဲ့ အအေးခန်းပါ စတီးခေါင်းတလားကို နေအိမ်ရှေ့ ကနဖျင်းအောက်မှာ ချထားပါတယ်။ အမျိုးသမီးတွေက ပါလာတဲ့ လက်ကိုင်ပုဝါလေးတွေနဲ့ မျက်ရည်သုတ်ကြတယ်။

စတီးခေါင်းတလားရဲ့အပေါ်မှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ယူနီဖောင်းကို ဖြန့်ခင်းထားတယ်။ ခေါင်းတလားရဲ့ ညာဘက်ဘေးမှာ အသက်၂၆ နှစ်အရွယ် ယာဉ်ထိန်းဒုတပ်ကြပ် ကျော်ဇင်ဦးရဲ့ကိုယ်တပိုင်းပုံ ဓာတ်ပုံထောင်ထားတယ်။ ဓာတ်ပုံရှေ့မှာ ဖီးကြမ်းငှက်ပျောသီးတဖီး၊ အဖုံးဖွင့်ထားတဲ့ စပါကလင်ပုလင်းတလုံးနဲ့ အ၀ါရောင်ပန်းတွေ စိုက်ထားတဲ့ ပန်းအိုးတလုံး ရှိနေတယ်။

အမျိုးသမီးကြီးတွေက ကျော်ဇင်ဦးနာမည်ခေါ်ပြီး ရှိုက်ကြီးတငင်ငိုကြတယ်။ မွန်းလွဲ ၂:၀၀ နာရီလောက်မှာ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက လွမ်းသူ့ပန်းခွေ ရောက်လာတယ်။ ဧည့်ပရိတ်သတ်တွေ တဖြည်းဖြည်း စည်ကားလာတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုး ရဲမှူးကြီးနဲ့အတူ တိုင်းအဆင့်ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးက အရာရှိကြီးတွေလည်း နာရေးပို့ဆောင်ဖို့ရောက်လာကြတယ်။

မွန်းလွဲ ၂း၃၀ နာရီဝန်းကျင်မှာ သုဂတိမဂ္ဂ လူမှုကူညီရေးအသင်းရဲ့ နာရေးသယ်မဲ့ယာဉ်ရောက်လာတယ်။ ကိုကျော်ဇင်ဦးရဲ့ ဇနီးက လိမ္မော်ရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး ဆံပင်ဖားယားနဲ့ တရှုံ့ရှုံ့ငိုတယ်။ သူ့မိခင်ကတော့ နာရေးလိုက်ပါပို့ဆောင်ကြမယ့်သူတွေကို မျက်လုံးအကြောင်သားနဲ့သာ ငေးနေတယ်။ ကိုကျော်ဇင်ဦးရဲ့ သမီးဖြစ်သူ ခုနှစ်လသမီးလေးက မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲကနေ ကောင်းကင်ကိုကြည့်နေတယ်။ စကားမပြောတတ်သေးတဲ့ သမီးငယ်လေးက မိုးနတ်မင်းကြီးထံက တစုံတခု တောင်းခံနေသလိုပါပဲ။

ကိုကျော်ဇင်ဦးက ရွှေလှံရပ်ကွက်သားပါ။ ညီအကို သုံးယောက်ရှိပြီး ဒုတိယမြောက်သားဖြစ်တယ်။ ကိုကျော်ဇင်ဦးနဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်တဲ့ ရွှေလှံရပ်ကွက်သူတယောက်က “သူတို့မိသားစုက ၀န်ထမ်းမိသားစုတွေပါ။ အစ်ကိုကြီးက တပ်မတော်အရာရှိ၊ နေပြည်တော်မှာနေတယ်။ သူ့အဖေကလည်း ရဲဝန်ထမ်းပါပဲ” လို့ပြောပါတယ်။ ကိုကျော်ဇင်ဦးရဲ့ မိတ်ဆွေ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တယောက် ယူနီဖောင်းနဲ့ရောက်လာတော့ ဖနီးဖြစ်သူက ဖက်ပြီး ငိုတယ်။ ကိုကျော်ဇင်ဦးရဲ့ မိတ်ဆွေယာဉ်ထိန်းလည်း မျက်ရည်အ၀ဲသားနဲ့ သူငယ်ချင်းရဲ့ဇနီးကို ဖျောင်းဖျချွေးသိပ်ပေးပါတယ်။

သုံးနာရီထိုးခါနိးတော့ ကြေးစည်ရိုက်သံ ဘ၀ဂ်ညံသွားတယ်။ သတင်းသမားအချို့ ကင်မရာကိုယ်စီနဲ့ နာရေးအနီးရောက်သွားကြတယ်။ နာရေးကားရဲ့ရှေ့မှာ ကိုကျော်ဇင်ဦးရဲ့ဓာတ်ပုံကို ကြိုးနဲ့သေချာတုပ်နှောင်ကြတယ်။ လွမ်းသူ့ပန်းခွေကို ကားပေါ်မှာတင်ကြတယ်။ သူ့မိခင်ကိုတော့ အရပ်ထဲက လူလေးငါးယောက်က ဖေးဖေးမမခေါ်သွားကြတယ်။ နာရေးကားမလာခင် လမ်းထိပ်မှာ ကားတွေကို ယာဉ်ထိန်းတွေက လမ်းရှင်းပေးနေကြတယ်။

နာရေးယာဉ် လမ်းထိပ်ရောက်ချိန်မှာတော့ ရေအိုးကိုခွဲလိုက်ကြပါတယ်။ နာရေးကားတန်းကြီး တရွေ့ရွေ့ ထွက်ခွာသွားပြီး လိုက်ပါပို့ဆောင်သူတွေများလွန်းလို့ ကားတန်းကြီးက ရှည်လျားလှတယ်။

ယာဉ်ထိန်းဒုတပ်ကြပ် ကျော်ဇင်ဦးက စက်တင်ဘာ၂၄ ရက် မနက် ၉:၃၀ နာရီခန့်မှာ မန္တလေးမြို့ အရှေ့ကျုံးလမ်း ၆၆ လမ်းနဲ့ ၁၉ လမ်းဆုံမှာ မော်တော်ယာဉ်တွေ စစ်ဆေးနေစဉ် ဓားထိုးခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇ လအရွယ်သမီးနဲ့ ဇနီးဖြစ်သူတို့ကျန်ရစ်ခဲ့ပါတယ်။

ယာဉ်မောင်း လိုင်စင်မပါဝင်လို့ ချလံဖြတ်ရာက ညီဖြစ်သူက အစ်ကိုဆရာဝန်ကို သွားခေါ်လာပြီး ယာဉ်ထိန်းဒုတပ်ကြပ် ကျော်ဇင်ဦးနဲ့ အချင်းများရာမှာ အစ်ကို ဆရာဝန်က ပါလာတဲ့ ဓားနဲ့ထိုးခဲ့ရာက သေဆုံးသွားခဲ့တာပါ။ ဓားထိုးမှု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး အသက် ၃၀ အရွယ် ဆရာဝန်နဲ့ အသက် ၂၀ အရွယ် ညီဖြစ်သူကို နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးအရေးယူထားပါတယ်။

No comments: