Wednesday, September 30, 2015

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဘဝမမေ့ ရည်မှန်းချက်မပျောက်ဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ သတိပေး

ဖနိဒါ

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး တတိယနေ့အဖြစ် ချင်းမိုင်မြို့တွင် ဆက်လက် ကျင်းပနေရာ စက်တင်ဘာ ၃၀ ရက် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်သူ နိုင်ထောမွန်က တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်ကိုင်များ ရည်မှန်းချက် မပျောက် ဘဝမမေ့ကြရန် သတိပေးလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးရေးမထိုးရေး စက်တင်ဘာ ၂၉ ရက်က ဆွေးနွေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ လက်မှတ်ထိုးရန် ဆုံးဖြတ်ပြီးနောက် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ထောမွန်က သတိပေးလိုက်ခြင်း ဖြစ်သည်။

"လက်မှတ်ထိုးပြီး အစိုးရနဲ့ လက်တွဲမယ်ဆိုရင်လည်း နိုင်ငံရေး မူဘောင်အပေါ်မှာ လျောက်လှမ်းရမှာပဲ။ လက်မှတ်ထိုးပြီးတဲ့သူတွေလည်း နိုင်ငံရေး မူဘောင်အတိုင်း ဆက်ပြီးတော့ သွားရမှာ။ လက်တွေ့အခြေအနေကတော့ ဘယ်လိုလဲဆိုတာ ကျနော် မပြောနိုင်ဘူး ဒါပေမယ့် လက်မှတ်ထိုးပြီးတဲ့ အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့တွေ ရည်မှန်းချက် မပျောက်ရေး၊ ဘဝ မမေ့ရေးအတွက် လက်တွေ့ ဖြစ်နိုင်မယ့် အခြေအနေကို စဉ်းစားဖို့ လိုပါမယ်" ဟု သူက ဆိုသည်။

လက်တွေ့အခြေအနေမှန်ကို လက်မှတ်ထိုးသည့် အဖွဲ့နှင့် လက်မှတ်မထိုးသည့် အဖွဲ့တို့ စဉ်းစားဆုံးဖြတ်ကြရန်လိုပြီး အဖွဲ့အချင်းချင်း ပူးပေါင်း လုပ်ဆောင်ကြရန်လည်း သူက တိုက်တွန်းခဲ့သည်။

"စိတ်ကူးယဉ်ပြီးတော့ ပြောနေမယ်ဆိုရင်တော့ လက်တွေ့မကျဘူး၊ လက်တွေ့မကျရင်တော့ အလုပ်မဖြစ်ဘူးပေါ့။ အချိန်ကုန်မယ် ပြည်သူလူထုအတွက် အကျိုးမဖြစ်ဘူး၊ အဲ့ဒီတော့ ကျနော် အကြံပြုချင်တာက လက်တွေ့ကျကျ စဉ်းစားကြပါ။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေလည်း UNFC ဆိုတဲ့ တပ်ပေါင်းစုရှိတယ် ဒီမထိုးသေးတဲ့ အဖွဲ့တွေဟာလည်း အဲ့ဒီ တပ်ပေါင်းစု အဖွဲ့ဝင်တွေပဲ အဲ့ဒီ တပ်ပေါင်းစုကလည်း သူ့ဆိုင်ရာ အခန်းကဏ္ဍကနေ ကြိုးစားပြီး လုပ်ဆောင်သွားကြရမှာ" ဟု သူက ပြောခဲ့သည်။

စက်တင်ဘာ ၃၀ ရက် ချင်းမိုင်မြို့ ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ ဆွေးနွေး၊ မေးမြန်း၊ အတည်ပြုခြင်း၊ အန်စီအေ လက်မှတ်ရေးထိုးမည့် အဆင်သင့်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် မထိုးသေးသည့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေ ဆွေးနွေးလျက်ရှိနေသည်။

ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ အခန်းကဏ္ဍကို ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည်ဖြစ်သည်။

စက်တင်ဘာ ၂၉ ရက် ဆွေးနွေးမှုအတွင်း အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ြ မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ၇ ဖွဲ့က လက်မှတ် ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

No comments: