Tuesday, September 29, 2015

ပန်းရဲ့လမ်းအဖွဲ့ကို နေပြည်တော်အမှတ်(၁)ရဲစခန်းမှူး အမှုဖွင့်

မဇ္ဈိမ

ခွင့်ပြုချက်မတောင်းဘဲ စီတန်းလှည့်လည်သည်ဟုဆိုကာ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်” အဖွဲ့ကို နေပြည်တော် အမှတ်(၁)ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးမြင့်ဌေးက တရားလိုပြုကာ စက်တင်ဘာ ၂၅ရက်စွဲဖြင့် အမှုဖွင့်လိုက်သည်။

“ငြိမ်း၊ စု၊ စီပုဒ်မ ၁၈နဲ့ပါ၊ ပုဒ်မ ၁၈ကတော့ ခွင့်ပြုချက်မရဘဲနဲ့ စီတန်းလှည့်လည်တာပေါ့ဗျာ” ဟု ဒုရဲမှူးမြင့်ဌေးက စက်တင်ဘာ ၂၅ ညဦးပိုင်းတွင် မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်က နေပြည်တော်တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပြည်သူများလာရောက်ကြရန် ပန်းရဲ့လမ်းအဖွဲ့က ဂီတဖြင့် ဖျော်ဖြေပြီး နေပြည်တော်ရှိပြည်သူများအား လိုက်လံတိုက်တွန်းမှုအပေါ် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ပန်းရဲ့လမ်းအဖွဲ့ လိုက်လံဖျော်ဖြေခဲ့သည်မှာ လွန်ခဲ့သည့် ဩဂုတ် ၂၉ရက်နေ့ကဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လနီးပါးအကြာမှသာ အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။ “တစ်လပဲကြာကြာ ဘယ်လောက်ပဲကြာကြာပေါ့ဗျာ။ ကျွန်တ်ာတို့ကတော့ ဥပဒေနဲ့မညီလို့ဖွင့်တာပါ။ ဒီလောက်ကလေးပဲ ပြောပါရစေ” ဟု ဒုရဲမှူး မြင့်ဌေးက ဆိုသည်။

ထိုကဲ့သို့ အမှုဖွင့်ခံရခြင်းအပေါ် ပန်းရဲ့လမ်းအဖွဲ့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှု မရရှိခဲ့ပေ။ လက်ရှိတွင် အမှုဖွင့်လိုက်ခြင်းအပေါ် တရားဝင်အကြောင်းမကြားရသေးကြောင်း ဒုရဲမှူး မြင့်ဌေးက “လောလောဆယ်တော့ အကြောင်းမကြားရသေးဘူးဗျ။ ရုံးကိစ္စတွေ လုပ်နေတယ်။ ဒီနေ့မှ အမှုဖွင့်တာကိုး” ဟု ပြောသည်။

No comments: