Tuesday, October 27, 2015

၂၀၁၀ တုန်းက ကျောင်းဆရာမတဦး ကြုံတွေ့ခဲ့ရသော ရွေးကောက်ပွဲ

သင်းသင်းသော်


မှတ်မှတ်ရရ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလ။ ပထမဦးဆုံးအကြိမ် မဲထည့်ရမယ့် သူ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကာလတုန်းက အသက် ၁၀ နှစ်သာ ရှိသေးတဲ့အတွက် မဲမပေးခဲ့ရ။ တသက်နဲ့တကိုယ် ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရတဲ့သူ။

၂၀၀၇ မှာ မန္တလေးပညာရေး ကောလိပ် ဂီတဌာနမှာ အကနည်းပြ အဖြစ် အလုပ်ဝင်ခဲ့တယ်။ ၂၀၀၆ ကတည်းက လုပ်အားပေးဝင်နေတာ။ ဘွဲ့ရတာနဲ့ လုပ်ငန်းခွင်ထဲ တန်းဝင်တာဆိုတော့ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ပြားပြားမှောက်ခဲ့ရတဲ့သူ။ အမှန်အတိုင်း ၀န်ခံရရင် မိုးလင်းတာနဲ့ ကျောင်းသွား၊ စာသင်၊ အစည်းအဝေးတက်၊ စာမေးပွဲခန်းစောင့်၊ စာစစ်၊ ဌာန အလုပ်လုပ်ပါပဲ။

ကိုယ့်ဌာန အလုပ်တွေအပြင် ဟိုဌာန၊ သည်ဌာနတွေက လူအင်အား လိုလို့တောင်းရင် သင်တန်းသားတွေနဲ့အတူ လိုက်သွားရ။ ဘောလုံးပွဲ အားပေးဖို့ လူ ၁၀၀ ပေးပါ၊ လမ်းဖွင့်ပွဲမှာ ဖဲကြိုးကိုင်၊ ပူဖောင်းကိုင်၊ ဗန်းကိုင်၊ ဖလားကိုင် အတွက် သင်တန်းသူ ၁၀ ယောက်ပေးပါ ဆိုရင် သင်တန်းသူ အယောက် ၅၀၀ လောက်ထဲက လူရွေးရ၊ အရပ်တိုင်း ရ၊ မိတ်ကပ်လိမ်းဖို့ ပြင်ဆင်ရ၊ အ၀တ် အစားအတွက် လိုက်လုပ်ပေးရနဲ့ နေ့ရော ညရော အားရ၊နားရတယ် မရှိဘူး။

စနေ၊ တနင်္ဂနွေ ကျောင်း ပိတ်ရက်ဖြစ်ပေမယ့်လည်း လုံခြုံရေး တာဝန်ကျတာတို့၊ အထူးသန့်ရှင်းရေး ဆောင်ရွက်ရတာတို့၊ ဌာနသန့်ရှင်းရေးတို့၊ ဖုန်းဂျူတီတို့ နဲ့ ဘယ်တော့မှ လွတ်လွတ်လပ်လပ်နေရတယ်မရှိခဲ့ဘူး။ အစိုးရ၀န်ထမ်းဆိုတာ ပါတီ နိုင်ငံရေးကင်းရှင်းရမယ်လို့ တွင်တွင်သုံးတဲ့စကားတွေအောက်မှာ ”၀န်ထမ်းပဲလေ။ ခပ်အေးအေးနေတာ ကောင်းပါတယ်။ ဘာမှမသိတာ အန္တရာယ် ကင်းပါတယ်”ဆိုတဲ့ အသိက အချိန်ပြည့်နေရာယူလာခဲ့တယ်။

နည်းပြဖြစ်လင့်ကစား၊ ကိုယ့်အထက်မှာ အဆင့်ဆင့်တွေက အများကြီးရှိနေတာဆိုတော့ ဘယ်လို လူကြီးပဲလာလာ လက်ခုပ်တီး၊ ခေါင်းငြိမ့်၊ လက်အုပ်ချီ၊ ပြုံးပြနှုတ်ဆက်၊ တည်ခင်း ဧည့်ခံ၊ စာအုပ်ထုတ်၊ လိုက်မှတ် အဲဒီအဆင့်ပါပဲ။

ထူးခြားတာ တခုကတော့ ၀န်ထမ်းတွေဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ပြောထားပြီး ကိုယ့်လက်ထဲမှာတော့ ကြံ့ခိုင်ရေး အသင်းဝင်ကတ် (အခုခေတ်လို ကတ်တောင်မဟုတ်ဘူး။ သုံးခေါက်ချိုး၊ လေးခေါက်ချိုးကတ်တွေ)၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကတ်၊ အမျိုးသမီးရေးရာ အသင်းဝင်ကတ်၊ အို..ကတ်တွေမှ အိမ်ကိုလာပို့သွားတာ၊ တံဆိပ်တွေရော စုံလို့ပါပဲ။ ကျောင်းအနေနဲ့ သွားရပြီဆို ရင်တော့ ကိုယ်တာဝန်ယူလိုက်ပါမယ့် အကြောင်းကို လက်မှတ်ထိုးပေးရတယ်။ တာဝန်ပေးလို့မှ မလိုက်ရင် ကိုယ့်ကို ဘာလုပ်လိုက်မလဲဆိုတဲ့ ကြောက်စိတ်က ရင်ထဲမှာ ကိန်းအောင်းနေပြီးသား။

ဒီလိုနဲ့ပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးနဲ့ ပက်ပင်းကြုံတွေ့ရတော့တယ်။ ကျောင်းထဲကို တခါမှမမြင်ဖူးတဲ့ လူကြီးတွေ လာပြီးအစည်းအဝေးတွေလုပ်၊ စကားတွေ ရွှန်းရွှန်းဝေအောင်ပြော၊ ပြီးတော့ ခေါက်ဆွဲကြော်တွေ ကျွေးဆိုတော့ စားဖိုဆောင်က ထမင်းဟင်းနဲ့ နှစ်ပါးသွားရတဲ့ သင်တန်းသားတွေကတော့ ပျော်လို့။ သူဟာ မဲဆွယ်ဖို့လာတာ မဟုတ်တဲ့အကြောင်း၊ သူ့နာမည်ကိုတော့ မှတ်ထားပေးဖို့ဆိုတဲ့အကြောင်းနဲ့ ချမ်းအေးသာစံကနေ သူဝင်ပြိုင်မယ်ဆိုတဲ့အကြောင်းတော့ ပြောသွားတယ်။

ခေါက်ဆွဲတွေ အစားကောင်းလို့ သင်တန်းသားတော်တော်များများ ၀မ်းတွေလျောကြတယ်။ စာသင်ခန်း စင်္ကြံ လမ်းပေါ်မှာ ကုတင်တွေတန်းစီချပြီး ဆလိုင်းတွေချိတ်ရ၊ မနိုင်တဲ့သူကို ဆေးရုံပို့ရ၊ ကျောင်းမှာ ဆေးသွင်းလူနာကို လူနာစောင့်လုပ်လိုက်ရ၊ ကိုယ့်အဆောင်က ကျောင်းသူ ဆေးရုံတက်ရင် ဆေးရုံလိုက်စောင့်ပေး လိုက်ရနဲ့ ဆရာမတွေလည်း ဖတ်ဖတ်ကိုမောလို့။ နောက်ရက်မှာ အစည်းအဝေး ခေါ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူရမယ့် သူတွေရဲ့၊ အမည် စာရင်းကို ကြေညာတယ်။ လက်မခံလို့ မရဘူးလို့ပြောတယ်။ လက်မှတ်ထိုးခိုင်းတယ်။

ဘာကိုကြောက်မှန်းမသိဘူး၊ အချင်းချင်း တိုးတိုးပြောကြရင်း လက်မှတ်ထိုး ပေးခဲ့ရတယ်။ မဲရုံစောင့်တာ၊ မဲပေးတာနဲ့ပတ်သက်တာတွေ၊ စည်းကမ်းချက်တွေလည်း ကိုယ်က ဘာမှမသိ၊ ဆောင်ရန် မသိသလို၊ ရှောင်ရန်လည်း မသိသေး။ နောက်တပတ်လောက်နေတော့ ဆရာမတွေကို ရွေးကောက်ပွဲကာလ၊ မဲရုံနဲ့ ပတ်သက်တာတွေ၊ ဘယ်လို တာဝန်ထမ်းဆောင်ရမယ် ဆိုတာတွေကို သင်တန်းပေးမယ်ဆိုပြီး မူလတန်း ကျောင်းလေးတကျောင်းမှာ ချိန်းဆို လိုက်တယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက ချိန်းဆိုထားတဲ့ နံနက် ၁၀ နာရီလည်း မလာ၊ ၁၁ နာရီ လည်းရောက်မလာ၊ ၁၂ နာရီလောက်မှာ တော့ သူ့ရုံးက ရုံးစာရေး ရောက်လာပြီး ရှေ့က စားပွဲမှာဝင်ထိုင်၊ ပြောချင်ရာ တွေပြော၊ လက်တုန်၊ခြေတုန်နဲ့ သူ့လူကြီး မလာနိုင်လို့ သူ့ကို လွှတ်လိုက်တဲ့အကြောင်း ပြောတယ်။ ဘာအချက်အလက်မှလည်း မပေး၊ ဘာဗဟုသုတမှလည်း မပါ၊ ဘာကိုမှတ်သားရမှန်းလည်း မသိဘဲ အူလည်လည်နဲ့ အဲဒီတနေ့ ကုန်ဆုံးသွားတယ်။ နောက်တော့ ရပ်ကွက်ရုံးက ခေါ်ပြန်တယ်။ ဘုံကျောင်းထဲမှာ လူစုဖို့နဲ့ လူကြီးနောက်ကျလည်း စောင့်ပေးဖို့၊ ပြန်မသွားဖို့ ကြိုပြောထားတယ်။

ခဏနေတော့ စာရွက်တွေ ဝေတယ်။ လိုက်နာရမယ့် စည်းကမ်း လို့ပြောတယ်၊ မဲရုံကို ဘယ်အချိန် အရောက်လာရမယ်ဆိုတာရယ်၊ ဆရာမ တို့အတွက် နေ့တွက်ကို ဘယ်လိုစီစဉ် ပေးထားပါတယ်ဆိုတာရယ်၊ နေ့လည်စာ စီစဉ်ပေးထားတယ် ဆိုတာရယ်ပြောပြီး ကျန်တဲ့ကိစ္စကိုတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။

နောက်တစ်ရက်၊ နှစ်ရက်နေတော့ မဲရုံမှူး တာဝန်ကျတဲ့ ပြင်ပကျောင်းက ကျောင်းအုပ်ဆရာမကြီးက ခေါ်ပြန်ရော။ သူ့ဆီ အရောက်သွာပြီး ဘယ်ဆရာမတွေက ဘယ်မဲရုံကို သွားရမယ်။ ဘယ်သူကတော့ ဘယ်မဲရုံမှာ တာဝန်ကျတယ်။ မဲလက်မှတ်ကို ဘယ်လို ပေးရမယ်။ ဘာလုပ်ပေးရမယ် တထိုင်တည်း ပြောသွားတယ်။ မမှားစေနဲ့၊ တာဝန်ကျေပါစေ လို့ ပြောပြီးလက်မှတ်ထိုးခဲ့ရပြန်တယ်။

တကယ့် ရွေးကောက်ပွဲနေ့ လည်းရောက်ရော၊ မနက် ၃ နာရီလောက် ကတည်းက လူစုခိုင်းလို့လူစုရတယ်။ ကိုယ်တာဝန်ကျတဲ့ မဲရုံကနီးတော့ ကိုယ့်ဖာသာပဲ လမ်းလျှောက်သွားကြတယ်။ ကိုယ့်ခုံကိုယ်ရှာပြီး ထိုင်နေလိုက်တယ်။ နေမြင့်လာတာနဲ့အမျှ လူတွေက များများလာ၊ လက်ဖက်ရည် ကော်ဖီဆိုတာလည်း ဘယ်ဆီနေမှန်း မသိတော့ဘူး။ မဲပေးတဲ့သူတွေဟာ တစ်ကယ့်ကို အရေးပါ အရာရောက်တဲ့ သူတွေပါလားဆိုတာလည်း မသိဘူး။ လူတွေကတိုးလာ၊ ချွေးတွေကပြိုက်ပြိုက်ကျ၊ ဗိုက်တွေကဆာ ဆိုတော့ တချို့ဆရာမတွေက မဲဆန္ဒရှင်တွေကို ငေါက်ပစ်ပါလေရောလား။

လူနည်းနည်းကျဲတဲ့အချိန်မှာ အလှည့်နဲ့ ကိုယ့်မဲရုံကိုသွားပြီး မဲထည့်ရတယ်။ ပထမဆုံးအကြိမ် ကိုယ်တိုင်က မဲဆန္ဒရှင် ဖြစ်နေပေမယ့် အဲလောက်လည်း ရင်မခုန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တွေးထားသလို စိတ်ကြိုက်လုပ်ခွင့် မရသလို ခံစားရတယ်။ အထက်လူကြီးရဲ့ စကားသံတွေက ပဲ့တင်ထပ်နေတယ်။ “သိတယ်နော်” ဆိုတဲ့ စကားတစ်ခွန်းက ဘာကိုဆိုလိုမှန်းမသိပေမယ့် အလိုလိုကို ငါထည့်တာမှားသွားရင် သိနေမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်နေတာ။

မဲရုံမှာ မဲထည့်မယ့်သူ မရှိလို့ မဲရုံလည်း ပိတ်ပြီးသွားပြီ။ ကြိုတင်မဲ ဆိုပြီး အိတ်ကြီးနဲ့ ရောက်ချလာတာကို မဲရေတွက်ရတယ်။ ကြိုတင်မဲ ရေတွက် လို့ ပြီးသွားတဲ့အချိန်မှာ စောစောက ဆန္ဒမဲပုံးတွေကို သွန်မှောက်ပြီး မဲစာရွက် တရွက်ချင်းအလိုက် မဲစာရင်း ကြေညာတယ်။ နောက်ပိုင်းကျတော့ အဲလိုလည်း မအော်တော့ဘူး။ တူတဲ့ နာမည်တွေကို စုပြီးမှ ဘယ်သူက ဘယ်နှစ်မဲဆိုပြီး ကြေညာလိုက်တယ်။

အဲလို မဲရေနည်းနဲ့ ရေတွက်လို့ရတယ်၊ မရဘူးဆိုတာလည်း ဘယ်သူမှ မှ မသိကြတာကိုး။ အဲလိုမလုပ်ရဘူးလို့လည်း ဘယ်သူကမှ မတားဘူးလေ။ အဲဒီမှာပဲ ပညာရေးကောလိပ်က ကျောင်းသူ ကျောင်းသားတွေကို ခေါက်ဆွဲကြော်လာကျွေးတဲ့ လူကြီးက အနိုင်ရသွားတာကို သတိထားမိတယ်။ သင်တန်းကျောင်း တခုမှာ သင်တန်းသားအရေအတွက်နဲ့ ဆရာ၊ဆရာမ အရေအတွက်၊ ၀န်ထမ်းအင်အားက နည်းတာမှမဟုတ်တာ။ သူ့နာမည်ကိုပဲ သိတဲ့သင်တန်းသား၊သင် တန်းသူနဲ့ ၀န်ထမ်းတွေက သူ့ပဲမဲပေးကြတာကိုး။

အခုတော့ ကိုယ်တွေလည်း ပညာရေးလောကကနေ နှုတ်ထွက်ခဲ့ ပါပြီ။ ၂၀၁၂ တုန်းကတော့ ကိုယ့်မြို့နယ်မပါလို့ မဲမထည့်ရဘူး။ အခု ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲကာလကို ကြုံတွေ့ရပြန်ပြီ။ အခုရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းမှာတော့ အစိုးရ၀န်ထမ်းတွေကို ဘယ်ပါတီကမှ မဲဆွယ်စည်ရုံးတာမျိုး မလုပ်ရဘူးဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ ခုဆိုဘာတွေတွေး နေပြီလည်း မသိတော့။

No comments: