Friday, November 27, 2015

ရဲအုပ်ဇနီးမောင်နှံကို မူးယစ်တရားခံများက ခေါ်ဆောင်ထွက်ပြေးမှု ဖြစ်ပွား

DVB


မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်မှာ ရဲအုပ်တဦးနဲ့ ဇနီးဖြစ်သူတို့ကို မူးယစ်တရားခံတွေက ခေါ်ဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

သာစည်မြို့မရဲစခန်းက ရဲအုပ်အာကာ (ခ) အောင်ဇော်ဦးဟာ နိုဝင်ဘာ ၁၉ ရက်က မိတ္ထီလာအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ အချုပ်ကျနေတဲ့ စိုင်းပန်နဲ့ ထွန်းဝင်းတို့ကို သာစည်တရားရုံးမှာ အချုပ်ရမန်ထပ်ယူဖို့ ဇနီးစောနှင်းဝေ၊ အဖော် မျိုးသီရိစံတို့နဲ့အတူ သာစည်မြို့ကို ကားနဲ့အလာ ကွမ်းခြံကုန်းရွာအနီးမှာ ပြစ်မှုကျူးလွန်သူတွေက လက်ထိတ်တွေဖြုတ်ပြီး ရဲအရာရှိကို လည်ပင်းညှစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် စိုင်းပန်ရဲ့ အစ်ကိုဖြစ်သူ အိုက်ခန်းရောက်ရှိလာပြီး မမျိုးသီရိစံကို ကားပေါ်မှ တွန်းချကာ ရဲအရာရှိနဲ့ ဇနီးတို့ကို ရှမ်းပြည်နယ်ဘက်သို့ ခေါ်ဆောင် ထွက်ပြေးသွားခဲ့တာပါ။

ထွက်ပြေးသွားသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့နယ်တွေမှာ ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြရာမှာ ထွန်းဝင်းကို နိုဝင်ဘာ ၂ဝ ရက်ညက ကလောမြို့နယ်၊ စိုင်းပန်နဲ့ အိုက်ခန်းကို တောင်ကြီးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး ရဲအုပ်နဲ့ ဇနီးတို့ကိုတော့ ဟဲဟိုးမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

တရားခံတွေကို ထပ်မံအမှုဖွင့် အရေးယူထားပြီး ရဲအုပ်အောင်ဇော်ဦးကိုတော့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းကလည်း ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်း မူးယစ်တရားခံတဦးကို ရုံးထုတ်စစ်ဆေးပြီးအပြန် ရဲအချုပ်ကားပေါ်ကနေ လုယူထွက်ပြေး ခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

No comments: