Wednesday, November 25, 2015

အစာငတ်ခံ ဆန္ဒပြခဲ့သည့် ဗကသ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုဖြိုးဓန သိန်း ၅၀ ဖြင့် အာမခံရ

မျိုးသူအောင်

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံရကာ အမှုရင် ဆိုင်နေရသည့် ဗကသ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုဖြိုးဓနအား သာယာဝတီမြို့နယ် တရားရုံးမှ နိုဝင်ဘာ လ(၂၄) ရက်နေ့တွင် အာမခံ ပေးလိုက်သည်။

နိုဝင်ဘာလ(၂၄)ရက်နေ့က သာယာဝတီတရားရုံ၌ ရုံးထုတ်စဉ် အချုပ်လွတ် ထုချေခွင့် အာမခံ လျောက်တင်ရာ သာယာဝတီမြို့နယ် တရားသူကြီးက အာမခံပေးကြောင်း အမိန့်ချခဲ့ခြင်း ဖြစ်သည်။ "သူက အစာအိမ်ရောဂါဖြစ်တယ်။ အစာငတ်ခံဆန္ဒပြတော့ အစာအိမ်ကို သွားထိတယ်။ အစာအိမ် သွားထိတော့ အစာအိမ်ရောဂါနဲ့ ဆေးရုံတင် လိုက်ရတယယ်။

အဲတော့ ဆရာဝန်ကြီးကနေ သူကို အစာအိမ် ရောဂါရှိတယ်ဆိုတဲ့ ထောက်ခံချက် ရေးပေးတယ်။ အဲဒီထောက်ခံချက်နဲ့ ဒီနေ့ တရားရုံးမှာ အာမခံလျောက်ပါတယ်။ ရပါတယ် ခင်ဗျ"ဟု ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။ သူ့ကို သိန်း(၅၀) အာမခံ နှစ်ဦးဖြင့် ယခုကဲ့သို့ အမိန့်ချခဲ့သော်လည်း လက်ရှိအချိန်ထိ အာမခံမည့်သူ မရရှိ သေးကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကိုဖြိုးဓနတွင် အစာအိမ်ရောဂါ ခံစားနေရကြောင်း ထောက်ခံချက်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးက လက်မှတ်ရေးထိုး ပေးခဲ့ခြင်းဖြစ်ပြီး အမှုအား လွှတ်လပ်စွာ ရင်ဆိုင်ခွင့် ရရှိသွားမည် ဖြစ်သည်။ ကိုဖြိုးဓနသည် နိုဝင်ဘာ (၂) ရက်နေ့က စတင်ကာ သာယာဝတီ ထောင်အတွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး ကျန်းမာရေး စိုးရိမ်ရသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာလ (၁၁)ရက် တွင်ပို့ဆောင်၍ ဆေးကု သမှုခံယူခဲ့ရခြင်း ဖြစ်သည်။

No comments: