Wednesday, November 25, 2015

စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့သူများအား ကျေးဇူးတင်ကြောင်း SSPP/SSA ဥက္ကဌ သဝဏ်လွှာပို့

သျှမ်းသံတော်ဆင့်/စိုင်းထွန်းအောင်လွင်

သျှမ်းပြည်အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို ကူညီ ထောက် ပံ့ပေးကြသူများနှင့် သျှမ်းပြည်တပ်မတော်အပေါ် ပြည်တွင်းပြည်ပမှ ထောက်ခံအားပေးသူများကို ကျေးဇူးအထူးတင် ရှိကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးပန်ဖမှ ထုတ်ဖော်ပြောဆို လိုက်သည်

နိုင်ဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဥက္ကဌမှ လက်မှတ်ရေးထိုး ထားသည့် ပြည်သူလူထုသို့ ပန်ကြားလွှာတွင် ယင်းကဲ့သို့ ကျေးဇူးအထူးတင်ရှိကြောင်းကို ပြောဆိုခဲ့ခြင်း ဖြစ်သည် ။

ဥက္ကဌ ကြီး က ပြည်သူတွေ ဒုက္ခရောက်တဲ့ အချိန်မှာ အားတက်သရောဝိုင်းဝန်းထောက်ပံ့ လှူဒါန်း ကူညီနေကြ တာကိုတွေ့လို့ တကယ့်ကို ကျေးဇူးတင်နေတာပါ ။ နောက်ပြီး သျှမ်းပြည်တပ်မတော်ကို အားပေးကြတာတွေ တွေ့ရတဲ့အတွက်လည်း သူ့အနေနဲ့ ၀မ်းမြောက်တဲ့အပြင် ဒီစစ်ပွဲဟာ တရားသော စစ်ပွဲ ခုခံတဲ့စစ်ပွဲသာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ခုခံတွန်းလှန်သွားမယ်လို့လည်း ပြောထားပါတယ် - ဟု SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ ပြန်ကြားရေးဌာနမှ အကြီးတန်း တာဝန်ရှိသူတဦးက ပြောသည် ။

အစိုးရ စစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့အကြား တလကျော်ကြာမြင့်နေပြီဖြစ်သည့် သျှမ်းပြည်အလယ်ပိုင်း ဒေသမှ တိုက်ပွဲများကြောင့် ဒေသခံ တသောင်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပါသည် ။ဒု - ဗိုလ်ချုပ်ကြီးပန်ဖ ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူညီ ချက် ချုပ်ဆိုထားသည့် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်သည် ။

No comments: