Saturday, November 28, 2015

ကချင် ၀န်ကြီးချုပ် လမ်းကြောင်းတွင် ဗုံးကွဲ တစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

ဇော်ခမ်းဟိန်း

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၏ ဖားကန့်ခရီးစဉ်အတွင်း လုံခြုံရေးလမ်းကြောင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး သေဆုံး၊ ဒါဏ်ရာရသူများရှိသော်လည်း ၀န်ကြီးချုပ်နှင့်အဖွဲ့မှာ စိုးရိမ်စရာမရှိဘဲ မြစ်ကြီးနား ပြန်ရောက်ပြီဟု ၀န်ကြီးချုပ်ကိုယ်ရေးအရာရှိ ဦးနောင်တိန်က မဇ္ဈိမသို့ပြောသည်။

နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်း မြစ်ကြီးနားမှ ဖားကန့်သို့ မြေစာပုံပြိုကျ၍ သေဆုံးသူများနှင့် မိသားစုများအား ၀ိုင်းဝန်းကူညီရန်နှင့် လူထုတွေ့ဆုံရန် သွားရောက်ခဲ့ပြီး၊ ၂၅ ရက် နံနက်ပိုင်း နန့်ယားကျေးရွာတွင် လုံခြုံရေးယူနေသော တပ်မတော်သားတစ်ဦး ချိတ်ဆွဲထားသော ဗုံး မတော်တဆ ပေါက်ကွဲခဲ့ကာ တစ်ဦးသေဆုံး၊ သုံးဦး ဒါဏ်ရာရရှိသည်ဟု ကနဦးသတင်းရရှိ ကြောင်း ဆိုသည်။

''ကျွန်တော်တို့အဖွဲ့ ညနေပိုင်းဖားကန့်က ပြန်လာတော့ အဲ့ဒီနေရာမှာ ဘာမှမတွေ့ရတော့ဘူး။ ၀န်ကြီးချုပ် ခရီးစဉ်က အသွားရော အပြန်ပါ ချောချောမွေ့မွေ့ပါဘဲ၊ အခု စိုးရိမ်စရာမရှိဘဲ မြစ်ကြီးနား ပြန်ရောက်နေပါပြီ။ ၀န်ကြီးချုပ်နဲ့အတူ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မွေးရေ၀န်ကြီး၊ သစ်တောနဲ့ သတ္တုဝန်ကြီးပါတယ်။ အားလုံး ချောချောမောမော ပြန်ရောက်ပါတယ်''ဟု ဦးနောင်တိန်က ပြောသည်။ ဖားကန့်မြို့နယ်၊ မီးသတ်မြို့နယ်မှူး ဦးကျော်ဝင်းဆွေက ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး၊ လေးဦး ဒါဏ်ရာရရှိကာ အားလုံးမှာ လမ်းကြောင်းလုံခြုံရေး ယူနေသည့် တပ်မတော်သားများ ဖြစ်သည် ဟု ဆိုသည်။

နန့်ယား၌ ဗုံးပေါက်သည့်နေ့တွင် ၀န်ကြီးချုပ်နှင့်အဖွဲ့မှာ ဖားကန့်မြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ခြင်း၊ လုံးခင်း ဈေးသစ်အားကြည့်ရှုခြင်း၊ လုံးခင်းကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံခြင်း၊ လုံးခင်းနှင့် လယ်ပြင် တံတားသစ် တည်ဆောက်မှုအား ကြည့်ရှုခြင်းတို့ ပြုလုပ်ပြီး ညနေပိုင်းတွင် မြစ်ကြီးနားသို့ ထွက်ခွာသွားသည်ဟု ခရီးစဉ်တလျှောက် လိုက်ပါခဲ့သည့် ဦးကျော်ဝင်းဆွေက ပြောသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တနိုင်းမဲဆန္ဒနယ်(၁) ၌ ပြည်နယ်လွှတ်တော်အတွက် ပြန်လည် အရွေးခံထားရသူဖြစ်သည်။

No comments: