Wednesday, December 16, 2015

ငြိမ်းချမ်းရေး မျှော်လင့်နေတဲ့ ဒဏ်ရာများနဲ့ ဒေါ်နှင်းဆီ

ကျော်ခ


ရွေးကောက်ပွဲ ကာလအပြီး တတိုင်းပြည်လုံးက လူအများစု ပါးစပ်ဖျားမှာ ဒီမိုကရေစီ…ဒီမိုကရေစီဆိုတဲ့ စကားလုံးကို တသွင်သွင် ပြောဆိုနေကြပေမယ့် နှစ်ပေါင်းများစွာ မြိုသိပ်လာခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်နေသူ ကတော့ အသက် ၆၃ နှစ်အရွယ် ဒေါ်နှင်းဆီပါ။

ဒေါ်နှင်းဆီက “အရင်တုန်းကဆို တနေရာသွားမယ် ဆိုရင် တောဆိုလည်း ကြောက်ရ၊ ရဲဘော်ဆိုလည်း ကြောက်ရ နောက်ဆုံး ကိုယ့်သားသမီးလည်း ဒီကြားထဲမှာ ဆုံးရှုံးတော့ စိတ်မကောင်းဘူးလေ” လို့ ပြောရင်း တုန်ရီလာတဲ့ သူ့ရဲ့ အသံကို ထိန်းကာ လျှံကျလာတော့မယ့် မျက်လုံးအိမ်ထဲက မျက်ရည်တွေကို ပခုံးပေါ်က ပဝါနဲ့ သုတ်လိုက်ပါတယ်။

ဒေါ်နှင်းဆီဟာ ကယားပြည်နယ်၊ လွိုင်ကော် မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာမှာ ရှိတဲ့ ပွန်ချောင်းကျေးရွာ လေးမှာ နေထိုင်သူပါ။ အိမ်ခြေ ၅၀ လောက်ရှိတဲ့ ပွန်ချောင်းရွာလေးဟာ ကယားပြည်နယ် အလယ်တည့်တည့်က ဖြတ်သန်း စီးဆင်းလာတဲ့ ပွန်းချောင်း နံဘေးမှာ ဖြစ်ပြီး ရှားတော မြို့နယ်ထဲမှာ ရှိပါတယ်။

ပွန်ချောင်း ရွာလေးထဲကနေ ဖြတ်ဖောက်ထားတဲ့ လွိုင်ကော်-ရှားတော လမ်းပေါ်မှာ လွန်ခဲ့တဲ့ ၁၆ နှစ်က ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်မတော် အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော်-ရှားတောလမ်း ဖောက်လုပ်နေတဲ့ နေရာမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ သားဖြစ်သူ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့ရ ပါတယ်။

လက်နက်ကြီးကျည်ကြောင့် အသက် ၂၁ နှစ် အရွယ် သားဖြစ်သူ ကိုဝင်းနိုင်နဲ့ အတူ တခြား ပွန်ချောင်းရွာသား ၂ ဦး လည်း သေဆုံးသွားခဲ့တယ် လို့ ဆိုပါတယ်။ သူသိပ်ချစ်ရတဲ့ သား သေဆုံးသွားခဲ့ရတဲ့ အဖြစ်ကို သူမေ့ မရနိုင်ခဲ့ဘူး လို့ ဒေါ်နှင်းဆီက လမ်းမဘက်ကို ငေးကြည့်နေရင်းက ပြောပါတယ်။

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သားဖြစ်သူ သေဆုံးပြီး နောက်ထပ် ၅ လ အကြာမှာဘဲ ခင်ပွန်းဖြစ်သူလည်း သေဆုံးခဲ့ရ ပြန်ပါတယ်။ မဆုံးပါးခင်မှာ ပွန်ချောင်းထဲ ငါးဖမ်းထွက်ရင်း လက်နက်ကိုင်တပ်တွေနဲ့တိုးပြီး ဖမ်းဆီးနှိပ်စက် တာတွေ ခံခဲ့ရတယ် လို့ ဆိုပါတယ်။

လက်နက်ကိုင်တပ်တွေက တံငါသည် ဟန်ဆောင်ပြီး ဝင်ရောက်လာတဲ့ သူလျှို၊ သတင်းပေးလို့ စွပ်စွဲရင်း သစ်ပင်မှာ ကြိုးချည်ပြီး ဇောက်ထိုးဆွဲ ရိုက်နှက်ခဲ့သလို ပုံစံအမျိုးမျိုးနဲ့ သေလုမျောပါး နှိပ်စက်ခဲ့တဲ့ အတွက် သေဆုံးချိန်အထိ အဲဒီ ဒဏ်တွေကို ခံစားသွားခဲ့ရတယ် လို့ ဆိုပါတယ်။

ရှားတောမြို့နယ်ထဲမှာ ဒီလိုအခြေအနေမျိုးတွေ ရင်ဆိုင်ခဲ့ရသူဟာ ဒေါ်နှင်းဆီ တယောက်တည်း၊ ပွန်ချောင်းတရွာ တည်းတော့ မဟုတ်ပါဘူး။ ရှားတောမြို့နယ်ထဲက ကျေးရွာတချို့ ဆိုရင် တိုက်ပွဲတွေကြားမှာ ရွာလုံးကျွတ် မီးရှို့ခံခဲ့ ရတာတွေ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတာတွေလည်း အထင်အရှား ရှိခဲ့ပါတယ်။

ပွန်ချောင်းရွာကနေ ရှားတောမြို့ဘက်ကို ကားနဲ့ တနာရီလောက် ဆက်သွားရင် လမ်းဘေးမှာဘဲ ပြန်လည် နေရာချထားရေး အိမ်လေးတွေကို သွပ်မိုး၊ ပျဉ်ထောင်ပုံစံတူ အိမ်လေးတွေ တွေ့မြင်ရပါတယ်။ အိမ်အသစ်တွေမှာ နေရပေမယ့် မူလ သဘာဝရွာပုံစံတွေ ကိုတော့ သူတို့လည်း ပြန်မရခဲ့ ကြပါဘူး။

ရှားတောမြို့နယ် အတွင်းမှာ လက်ရှိအစိုးရ သက်တမ်းအထိ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရ တပ်မတော်တို့ အကြား တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ခုချိန်ထိ ကျေးရွာတွေ အနီးမှာ လှုပ်ရှားသွားလာမှုတွေ ရှိနေဆဲ ဖြစ်သလို သွားလာရေး ကန့်သတ်ထားတဲ့ နေရာတွေလည်း ရှိနေဆဲပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက် အရွေးချယ်ခံခဲ့ပါတယ်။ ဝန်ကြီး ဦးအောင်မင်းရဲ့ ရွေးကောက် ပွဲဝင် အမှတ်တံဆိပ်ကတော့ သံလွင်ခက်ကို ကိုက်ချီလာတဲ့ အဖြူရောင်ချိုးငှက်ပုံပါ။

ရှားတောမြို့အပါအဝင် ပွန်ချောင်းကျေးရွာ လမ်းနံဘေးက ဈေးဆိုင်တွေ၊ ခြံစည်းရိုးတွေမှာ ငြိမ်းချမ်းရေး ချိုးငှက်ပုံ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ဟိုဟိုဒီဒီ ကပ်ထားတာတွေ တွေ့ရပါတယ်။ အဲဒီ ပိုစတာနဲ့အတူ ဝန်ကြီးဦးအောင်မင်းကို ငြိမ်းချမ်းရေး လုပ်တဲ့ ဝန်ကြီး၊ ဒီဝန်ကြီးကို မဲထည့်ရင် ငြိမ်းချမ်းရေးရမယ် ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာ သတင်းမွှေးပါတယ်။

ဒေါ်နှင်းဆီ အတွက်တော့ ငြိမ်းချမ်းရေးလုပ်တဲ့ ဝန်ကြီးကိုယ်တိုင် လာရောက် အရွေးချယ်ခံတာကို ဝမ်းသာလို့ မဆုံးတော့။ ငြိမ်းချမ်းရေး ချိုးငှက်တံဆိပ်ကိုလည်း တံခါးဝမှာ ကပ်ထားလိုက်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း ဘယ်ပါတီပဲ လာမဲဆွယ်ပါစေ ငြိမ်းချမ်းရေး ဝန်ကြီးကလွဲလို့ ဘယ်သူမှ မထည့်ဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့က အိပ်ရာထဲက မထနိုင်အောင် အပြင်းဖျားခဲ့လို့ ဝန်ကြီး ဦးအောင်မင်းကို မဲမထည့် လိုက်ရပါဘူး။ ဒါ့အပြင် မဲရလဒ်တွေ ထွက်လာတော့ ဝန်ကြီး ဦးအောင်မင်း မဲရှုံးသွားတယ်လို့ ကြားလိုက်ရတော့ ဒေါ်နှင်းဆီ တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရှားတော တမြို့နယ်လုံးမှာ မဲဆန္ဒနယ် အားလုံး အနိုင်ရရှိသွား ပါတယ်။ ရှားတောမြို့နယ်မှာတင် မကဘဲ တတိုင်းပြည်လုံး အတိုင်းအတာမှာလည်း NLD ပါတီက မဲအပြတ်အသတ် နိုင်သွားခဲ့ပါတယ်။

အစိုးရ ဖွဲ့ခွင့်ရသွားတဲ့ NLD ပါတီရဲ့ နံပတ် ၁ ဦးစားပေး စာရင်းထဲမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပါဝင်တယ် ဆိုတာကို ဒေါ်နှင်းဆီတယောက် မသိရသေးပါဘူး။ နောက်တက်လာမယ့် အစိုးရကို ဘာတွေ လုပ်ပေးချင်သလဲ မေးတော့ သူ့ရင်ဘတ်ထဲမှာ ခိုင်ခိုင်မာမာ ရှိနေတဲ့ ခံယူချက်ကိုပဲ မဆိုင်းမတွ ပြောပါတယ်။

“ကျမခံယူထားတာကတော့ ငြိမ်းငြိမ်းချမ်းချမ်း တပြည်လုံးဖြစ်ပြီ ဆိုမှ ဒီမိုကရေစီကို လျှောက်လှမ်းနိုင်မှာ။ ငြိမ်းချမ်းရေး မရဘဲနဲ့ ဒီမိုကရေစီရဖို့ ကတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့် နောက်တက်လာမယ့် အစိုးရကို ငြိမ်းချမ်းရေး လုပ်ပေးဖို့ တောင်းဆိုတာပါ” လို့ ၁၆ နှစ် အကြာ သိမ်းဆည်းထားတဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို တောင်းဆိုလိုက်ပါတယ်။ ။

No comments: