အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၇) ကန်တော်မင် (၉) အရပ်ရှိ မဇ္ဈိမပဋိပဒါကျောင်း (မြဝတီမင်းကြီးတိုက်ခွဲမှတ် ၁၀) အား တပ်မြေအတွင်း ကျူးကျော်သည်ဟု ဆိုကာ အမှတ်(၁) ခုတင် ၇၀၀ စစ်ဆေးရုံမှတပ်ရင်းမှူးက ဖယ်ရှားခိုင်းနေမှုနှင့် ပတ်သက်၍ မတ်လ ၁၁ ရက်၊မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီ မင်းကြီးကျောင်းတိုက်တွင် ဆရာတော်ကြီးများက သတင်စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါကျောင်းကို ၁၉၇၂ ခုနှစ်က ဆရာတော် ဦးဝိသုတ မှ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းပြီး စတင်သတင်းသုံးနေထိုင်ခဲ့ကာ ၁၉၈၀ ခုနှစ်တွင် နိုင်ငံတော်ဗဟိုသံဃာ့နာယကအဖွဲ့က အသိအမှတ်ပြုကာ ဝါဆိုစာရင်းပေါက်ပြီးဖြစ်သည်ဟု ဆရာတော် ဦးပညာဝံသ က သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားသည်။ ဆက်လက်၍ "ကျောင်းကလည်း နှစ်ပေါင်း ၄၀ ကျော်နေပြီ နောက်ပြီး စစ်တပ်က မြေတွေသိမ်းတုန်းကလည်း သာသနမြေအဖြစ် ထားရှိခဲ့ပါတယ်။ နောက်ပြီး ဒီမြေကို တပ်ပိုင်မြေဆိုတာ ပြောနိုင်တဲ့ အထောက်အထားမရှိဘူး။"ဟု ဆရာတော် ဦးပညာဝံသ က မိန့်ကြားသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တပ်မတော်မြေနှင့် ကျောင်းပိုင်မြေသီးခြားဖြစ်စေရန် အင်ဂျင်နီယာတပ်ရင်းက ဗိုလ်မှူး ဥာဏ်ထွန်းအား ခြံစည်းရိုးခတ်ရန် စေခိုင်းခဲ့ပြီး ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်များကမိန့်ကြားသည်။ ထိုသို့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် စေခိုင်းထားမှုများရှိသော်လည်း ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမှတ်(၁) ခုတင် ၇၀၀ စစ်ဆေးရုံမှတပ်ရင်းမှူးက လာရောက်ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်ဟု ဆရာတော် ဦးသောဘိတ က မိန့်ကြားသည်။
"အတင်းဖယ်ပေးဖို့ပြောတယ်။ လူဝတ်လဲပစ်မယ်တွေ ပြောတယ်။ ဘုန်းကြီးတို့မှာ အကြပ်ရိုက် အခက်အခဲဖြစ်နေတယ်။ ခြိမ်းခြောက်လွန်းလို့ ကျောင်းမှာ ဦးဇင်းတစ်ပါးနဲ့ ကျောင်းစောင့် ကပ္ပိယ ပဲရှိတယ်။ ရှောင်နေရတော့တယ်။ သူတို့က စိတ်ညစ်ပြီး ထွက်သွားအောင်လို့ အပေါက်တွေ အကုန်ပိတ်ပြီး အစောင့်တွေချတယ်။ ဆွမ်းလာပို့တဲ့ သူတွေဆိုရင်လည်း စစ်ဆေးမေးမြန်းတာလုပ်တယ်။ ကြာတော့ လှူမယ့်တန်းမယ့် လူတောင်မလာတော့ဘူး။" ဟုလက်ရှိဖြစ်ပျက်နေမှုများကို ဆရာတော် ဦးသောဘိတ က ပြောသည်။
ဖယ်ရှားပေးရန်အတွက် တပ်သိမ်းမြေတစ်နေရာတွင် သွပ်မိုးထရံကာကျောင်းတစ်ကျောင်း တည်ဆောက်ပေးထားသော်လည်း ဆရာတော်သံဃာတော်များမှာ ဝိနည်းဖြင့် ညီညွှတ်ခြင်းမရှိသည့်အတွက် သီတင်းသုံးနေထိုင်လိုခြင်းမရှိဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်များကမိန့်ဆိုသည်။ အဆိုပါကျောင်းတွင် ဆက်လက်သတင်းသုံးနေထိုင်ခွင့်ပေးရန်အတွက် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံသွားမည်ဟု ဆရာတော်သံဃာတော်များက သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားသည်။
No comments:
Post a Comment