နိရဉ္စရာ၊
ယနေ့ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကော်မတီ သုံးခု ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးသွားမည်ဟု သတင်း ရရှိသည်။
ယနေ့ ဆွေးနွေးမည့် ကော်မတီသုံးရပ်မှာ ဥပဒေပြု ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေး လေ့လာရေး ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဒါက ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ နည်းဥပဒေမှာ ပါတဲ့ အတိုင်းဖြစ်ပါတယ်။ ဒီကော်မတီ သုံးရပ်က မဖြစ်မနေ ဖွဲ့ရမယ့် ကော်မတီတွေ ဖြစ်ပါတယ်။ ကော်မတီသုံးခုကိစ္စမှာ ကော်မတီ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း စတဲ့ အကြောင်းအရာတွေပေါ်မှာ အဓိက အလေးထားဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဦးဖိုးမင်းက ပြောသည်။
လွန်ခဲ့သော လွှတ်တော်သက်တမ်းတွင်လည်း ယခု ဆွေးနွေးမည့် ကော်မတီ သုံးရပ်အပါအ၀င် ကော်မတီ (၁၀) ခုခန့်ကို ဖွဲ့စည်းခဲ့သော်လည်း ပြည်နယ် အစိုးရက အလေးထားမှု အားနည်းခဲ့သည်ဟု သူက ထောက်ပြ ပြောဆိုသည်။
“ ကျွန်တော်တို့ အကြံအဥာဏ်တွေ ပေးကြဖို့ ဖိတ်ခေါ်ထားတယ်။ အဲဒီ ပေးအပ်လာတဲ့ အကြံအဥာဏ်တွေပေါ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အခုက ဒီဥပဒေကို ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဥပဒေ တစ်ရပ်ဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကို အနေနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် လွှတ်တော်အား ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး ကြားထဲတွင် နှစ်ရက်နားကာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ၎င်း ကော်မတီ သုံးရပ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ ဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

No comments:
Post a Comment