Friday, March 25, 2016

ရန်ကုန်တိုင်းဒေသကြီး ဂုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်သုံးသပ်သင့် လွှတ်တော်တွင်တင်ပြ

မျိုးသူအောင်

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရဥပဒေကြမ်းတွင် ထည့်သွင်းရေးစွဲထားသည့် ပါရမီ လမ်းဆုံနှင့် မြောက်ဥက္ကလာပလမ်းဆုံ ဂုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများကို ပြန်လည်သုံးသပ် သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောကြား လိုက် သည်။

မတ် ၂၄ရက်နေ့ ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး ပဉ္စမနေ့တွင် ၂၀၁၆ - ၂၀၁၇ ဘ ဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ ဥပဒေကြမ်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် (၁၁)ဦးက ဆွေးနွေးစဉ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးရန်ရှင်းက လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

" တံတား ၂စင်းတည်ဆောက်ရန် သုံးစွဲရမယ့် ငွေကြေး ပမာဏဟာ ၃၂.၂ ဘီလီယံဖြစ်ပြီး ၂၀၁၆ - ၂၀၁၇ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်း အသုံးစာရိတ်သုံးစွဲရန် လျာထားတဲ့ ငွေကြေး ပမာ ဏရဲ့ ၇၅ ရာခိုင်နှုန်း ထိရှိတာတွေ့ရပါတယ်။ အဲဒီလိုများပြားလှတဲ့ ငွေကြေးများကို အခြားလိုအပ်နေတဲ့ မဖွံ့ဖြိုးသေး သော ကျေးရွာများ ရပ်ကွက်များရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ဖြည့်ဆည်း သုံးစွဲ ဆောင်ရွက် ပေးသွား မယ်ဆို ရင် ပြည်သူ့အတွက် များစွာအကျိုးရှိပြီးတော့ ဘဏ္ဍာငွေများအလဟသဖြစ်မှုကို ကာကွယ်သွား နိုင်ပါ လိမ့် မယ်။" ဟု ဦးရန်ရှင်းက လွှတ်တော်တွင် ဆွေး နွေးပြောကြားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဂျိုက်ကာမှ အကြံပြုထားသည့် မြို့ပြစီမံ ကိန်းများနှင့် မြို့သစ်ချဲ့ထွင်ရေး စီမံကိန်းများတွင်လည်း ယခုတည်ဆောက်မည့် ပါရမီနှင့် မြောက်ဥက္ကလာပ ဂုံးကျော်တံတား တည်ဆောက်ရန် အကြံပြုထားခြင်းမရှိပဲ ယင်းစီမံကိန်းများတွင် ပါဝင်သည့် ၂ ထပ်လမ်းများ တည်ဆောက်သည့်အခါတွင် လက်ရှိ ဂုံးကျော်တံတားများကို ဖျက်သိမ်း ပစ်ရမည် ဖြစ်သည့်အတွက် ပြည်သူ့ ဘဏ္ဍာများအလဟသ ဆုံးရှုံးနစ်နာသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ပါရမီ ဂုံးကျော်တံတားနှင့် မြောက်ဥက္ကလာပ ဂုံးကျော်တံတားတည်ဆောက်ရေး စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစာရိတ်ထဲမှ သုံးစွဲသွားရန်အတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရဥပဒေကြမ်းတွင် ထည့်သွင်းရေးစွဲထား ခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

" ဒီလိုမျိုး ဘဏ္ဍာငွေတွေကို သုံးစွဲတဲ့အခါမှ ကျွန်တော်တို့က တကယ်လိုအပ်ချက်ရှိတာတွေကို သုံးစွဲစေချင် ပါ တယ်။ အမြောက်အများ သုံးစွဲပြီးတော့ သိပ်လည်းမလိုအပ်တဲ့ဟာတွေကို ကျွန်တော်တို့က မသုံးစွဲ စေချင်ပါ ဘူး။ နောက်ပိုင်းဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထုကို ချပြတဲ့ ဘတ်ဂျက်တွေကလည်း ပြည်သူလူထု ပါဝင်တဲ့ ဘတ်ဂျက်တွေ၊ စီမံကိန်းတွေကလည်း ပြည်သူလူထုပါဝင်တဲ့ စီမံကိန်းတွေ ဒါမျိုးတွေ ဖြစ်အောင် တဖြေးဖြေးနဲ့ တက်လာတဲ့အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကလည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဥပဒေကြမ်းနှင့် ပတ်သက်၍ ၀င်ရောက်ဆွေးနွေးခဲ့သည့် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဦးဆောင်သည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွား ရေး ကော်မတီက သုံးသပ်လေ့လာမှုများ ပြုလုပ်ကာ မတ်လ ၂၂ရက် လွှတ်တော် စတုတ္ထနေ့က လွှတ်တော်သို့ သုံးသပ်ချက်အစီရင်ခံစာ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာတွင်လည်း အဆိုပါ ဂုံးကျော်တံတား တည်ဆောက် ခြင်း လုပ်ငန်းများကို ပြန်လည် သုံးသပ်ရန် အကြံပြုတိုက်တွန်းထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန် အ တွက် အဓိက လမ်းဆုံ လမ်းခွများတွင် ဂုံးကျော်တံတားများ တည်ဆောက်ခဲ့ပြီး ယင်း ဂုံးကျော်တံတား တည် ဆောက်မှုများကြောင့် ယဉ်ကြောပိတ်ဆို့မှုများကို သိသိသာသာ လျော့ချနိုင်ခြင်း မရှိပေ။

ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၁၀၀နီးပါး အလွဲသုံးစားလုပ်ခဲ့သည်ကိုတွေ့ရှိရကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက မြန်မာနိုင်ငံစရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကို ကိုးကားပြီး ပြောကြားထားသည်။

၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ခဲ့သည့် ဂုံးကျော်တံတားနှစ်စင်းတွင် စံချိန်စံညွှန်းမမှီဘဲ အရည်အသွေးလျှော့ဆောက်ထားခြင်း၊ ပစ္စည်းများ၏ ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ ထက်များနေခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း၊ လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်းလည်း ၎င်းက ပြောကြားထားသည်

No comments: