Friday, March 18, 2016

လာဘ်ပေးလာဘ်ယူမှု အများဆုံးကြုံတွေ့နေရသည့် နေရာမှာ ၀င်ငွေခွန်ပေးဆောင်ရာတွင်ဖြစ်

အောင်ကျော်ဖြိုး

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် လာဘ်ပေးလာဘ်ယူမှု အများဆုံးကြုံတွေ့ရသည့်နေရာများကို အီလက်ထရောနစ်စနစ်ဖြင့် မဲပေးရွေးချယ်ရာတွင် “၀င်ငွေခွန်ပေးဆောင်ခြင်း သို့မဟုတအစိုးရခွင့်ပြုချက်လိုင်စင် ”နှင့် “တင်ဒါများ ဆောင်ရွက်ရာတွင်ဖြစ်သည် ”ဟု အများဆုံးမဲပေးခဲ့ကြသည်။

ယင်းကဲ့သို့ မဲပေးရွေးချယ်ခြင်းကို မတ် ၁၆ ရက်က ပြုလုပ်သည့်” မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများဖြစ်ပေါ်စေခြင်း စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို မည်သို့ တိုက်ဖျက်ရမည်ကို လက်တွေ့ကျစွာဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲ” တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

UMFCCI၏ တွဲဖတ်အတွင်းရေးမှုး နှင့် Asean CSR Network ၏ နာယက ဖြစ်သူက ဒေါ်ခိုင်ခိုင်နွယ်က “ နိုင်ငံရဲ့ရေရှည်အောင်မြင်မှုက စီးပွားရေးလုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အဓိက စိန်ခေါ်မှုများအနက် ဖြစ် အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရေးက ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်မှုပေါ် မှုတည်ပါတယ်”ဟုပြောသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနက် ၂၇ ရာခိုင်နှုန်းစီက စီးပွားရေး ကိစ္စရပ်များတွင် “ အစိုးရတင်ဒါ သို့မဟုတ် လိုက်စင်ချပေးသော ၀န်ကြီးဌာနများ နှင့် ဆက်ဆံရာတွင် လာဘ်ပေးလာဘ်ယူမှု”နှင့် “ ၀င်ငွေခွန်ပေးဆောင်ရသည် ဌာနများ”ဖြစ်သည်ဟု မဲပေးခဲ့ကြခြင်းဖြစ်သည်။

ဒုတိယ စီးပွားရေး လာဘ်ပေးလာဘ်ယူမှု အများဆုံးကြုံတွေ့ရသည့်နေရာများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကောက်ခွန်ဆိုင်ရာရုံးဖြစ်သည်ဟု မဲပေးခဲ့ကြသည်။

MCRB ဒါရိုက်တာ ဗစ်ကီဘိုမန်က “ မြန်မာအစိုးရသစ်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် ကိစ္စရပ်ဖြစ်သည်ကို နားလည်ပြီး အဂ္ဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက အစွမ်းကုန် လုပ်ဆောင်လိမ်မည်ဟုမျှော်လင့်ပါတယ်”ဟုပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် နေ့စဉ် လူမှုဘ၀တွင် ကြုံတွေ့ရသည့် လာဘ်ပေးလာဘ်ယူမှုများကိုလည်း အီလက်ထရောနစ်မဲပေးရွေးချယ်ခဲ့ကြပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မဲအများဆုံးရရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးက ဒုတိယ၊ ယာဉ်ထိန်းရဲများက တတိယ မဲအများဆုံးရရှိခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုက် (UMFCCI)နှင့် Globel Compact Network Mynamar တို့ကပူးပေါင်းကူညီခဲ့ပြီး Foregin & Commonwealth Office ၏ Prosperity Fund က ဘဏ္ဏာရေးထောက်ပံခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲကို နယ်ပယ်အသီးသီးမှ ကုမ္ပဏီပေါင်း ၆၀ ကျော်နှင့် အဂ္ဂတိတိုက်စားမှု တိုက်ဖျက်ရေးကို စိတ်ဝင်စားသည့် အဖွဲ့အစည်း ၁၅ ခုက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် UNESCAP/UMFCCIက ကောက်ယူထားသည့် စီးပွားရေး စစ်တမ်းများအရ မြန်မာ့စီးပွားရေး လုပ်ငန်းများက အဂတိလိုက်စားမှုကို ၄င်းတို့၏ အဓိက အဟန့်အတားဖြစ်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

No comments: