ဖနိဒါ
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတိုးမြင့်လာကာ တအာင်းပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ပြင်းထန်မှုအပေါ်ကန့်ကွက်လိုက်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့နှင့် တအောင်းကျောင်းသားအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ ယနေ့ထိ မြန်မာတပ်မတော်မှ ရွာသူရွာသား ဦးရေ ၁၀၀ ခန့် ဖမ်းဆီးခံရပြီး ရိုက်နှိုက် ညှဉ်းပမ်း နှိပ်စက်ခြင်းခံရသူ ၃ ဦး၊ တိုက်ပွဲအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၃ ဦးတို့ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာတွင် စစ်ပြေး ဒုက္ခသည် ၇၀၀ ဦး၊ နမ့်ဖတ် ကာတွင် ၆၅၆ ဦး စုစုပေါင်း ၁၃၅၆ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု မတ် ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလိုမျိုးသာဆက်လုပ်နေမယ်ဆိုရင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျတယ်။ ပြည်သူလူထုအပေါ်မှာ ယုံကြည့်မှု ကင်းမဲ့စေတာပေါ့နော်။ လူထုအဖွဲ့အစည်းတွေကလည်း လုံးဝ လက်ခံနိုင်စရာမရှိဘူး။ လူတွေကို ဖမ်းဆီးတာအပြင် ကျေးရွာကို မီးရှုံ့တဲ့အပိုင်းက လူထုအပေါ် တကယ့်ဘဲ ထိခိုက်တယ်။ စပါးတွေ မီးရှုံ့ခံရတဲ့အတွက် လူထုတွေ ဒုက္ခရောက်တယ်။ ဒီလို ဖြစ်နေတာကို လူ့အခွင့်အရေးကနေ ကြည့်ရင် လုံးဝ လက်ခံနိုင်စရာမရှိဘူး”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) ဒီဒီပိုးကျိန်းက မဇ္စျိမကို ပြောသည်။
ဒုက္ခသည် ၁၃၅၆ ဦးအတွက် ရေရှည်အစားအသောက်နှင့် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်ဟု ဒီဒီပိုးကျိန်းက ပြောသည်။
ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာတွင် မတ် ၁၁ ရက်က အိမ်ခြေ ၁၁ လုံး၊ မန်ဆံကျေးရွာမှ အိမ်ခြေ ၆ လုံး၊ ပိန်ဘန်ကျေးရွာမှ အိမ်ခြေ ၃ လုံး စုစုပေါင်း အိမ်ခြေ ၂၀ လုံးကို မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာများရှိ ဆန်စပါးနှင့် ပစ္စည်းများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့တပ်မတော်၏ တပ်မ ၆၆ မှ မတ်လ ၉ ရက်နှင့် ၁၃ ရက်များတွင် ကွတ်ခိုင်မြို့နယ် တားမိုးညဲမြို့နယ်ခွဲ ကောင်နိမ် ကျေးရွာမှ ရွာသား ၂၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှ မတ်လ ၁၆ ရက်တွင် ရွာသား ၁၃ ဦးကို ပြန်လည် လွတ်ပေး ခဲ့သော်လည်း ကျန် ၁၄ ဦးမှာ ယနေ့ထိ တာမိုးညဲမြို့နယ်ခွဲ ၂၀၉ တပ်တွင် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မြန်မာတပ်မတော် တပ်မ ၇၇ မှ မတ် ၁၆ ရက်တွင် ကျောက်မဲမြို့နယ် ပါလင်ကျေးရွာသား ၅၀ ဦးကို ဗျူဟာမှူးမှ စစ်ဆေး မေးမြန်းရန် ရှိသည်ဟု ဆိုကာ မိုင်းငေါ့ဘတ်သို့ ခေါ်ဆောင်သွားခဲ့ပြီး မတ် ၁၇ ရက်က သံဃာတော်များ၏ တောင်းဆိုခဲ့ရာ မှုကြောင့် ရွာသား ၁၂ ဦးကို ပြန်လည် လွှတ်ပေးခဲ့ကာ ကျန်သူများကို ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု သိရသည်။
“လက်ရှိအစိုးရကိုလည်း အခက်အခဲတွေ့အောင် သူတို့ လုပ်တယ်။ နောက်ပိုင်း အဓိက တိုက်ပွဲဖြစ်တယ်ဆိုတာထက် လူထုကို ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ပုံစံမျိုး သူတို့ရဲ့ စစ်ဗျူဟာ တခုဖြစ်နေလားလို့ စဉ်းစားစရာ ဖြစ်နေတာပေါ့”ဟု တအာင်းကျောင်းသားများနှင့်လူငယ်အဖွဲ့မှ တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) မိုင်းမျိုးအောင်က မဇ္စျိမကို ပြောသည်။
မြန်မာ့တပ်မတော်မှ ပြည်သူများအား ဦးတည်တိုက်ခိုက်နေခြင်းနှင့် ပြည်တွင်းစစ်ကို ပိုမို ကြီးထွားရန် လုပ်ဆောင်နေခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်ကို အခက်တွေ့စေရန် တမင်ဖန်တီးခြင်းနှင့် တိုင်းရင်းသားလူမျိုးများအပေါ် နိုင်ငံရေးအရ ခွဲခြားဖိနှိပ်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း၊ မြန်မာတပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသလို၊ တိုင်းရင်းသား ပြည်သူများ တပ်မတော်အပေါ် ယုံကြည်မှုကင်းမဲ့စေသည့်အတွက် ထိရောက်စွာ အရေးယူပေးပါရန် တအာင်းအမျိုး သမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲတို့က တောင်းဆိုထားသည်။
မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားသော ရွာသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ ရိုက်နှိုက်ညှဉ်းပမ်းနှိပ်စက် ခံရသူများ အပါအဝင် နစ်နာမှုများ အားလုံးကို ကုစားပေးရန်၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတိုးမြင့်မှုနှင့် ထိုးစစ်ဆင်မှုများ ရပ်တန့်၍ ဆုတ်ခွာပေးရန် တောင်းဆိုထားသည်။
ယခုလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲပေါင်း ၂၅ ကြိမ်ထိ ဖြစ်ပွာခဲ့ပြီး ဖြစ်ပြီး ယခုရက်ပိုင်းတွင် နှစ်ဖက်တပ်များ ၃ ရက်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေသည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က မဇ္စျိမကို ပြောသည်။
No comments:
Post a Comment