Friday, March 4, 2016

ဗုဒ္ဓပူဇနိယ တေးရေးအမည်ကိစ္စ တေးရေးမြင့်မိုးအောင်ကိုယ်တိုင်လာရောက်တောင်းပန်၍ ကာယကံရှင်မိသားစုဝင်များ ကျေနပ်

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်တေးရေးဆရာရေးသားသည့် မြတ်စွာဘုရားကိုပူဇော်ကန်တော့သည့် ဗုဒ္ဓပူဇနိယ တေးသီချင်း၏ တေးရေးအမည် မှားယွင်း အသုံးပြုသည့်ကိစ္စ အပေါ် တေးရေးမြင့်မိုးအောင် ကိုယ်တိုင် စစ်တွေသို့ လာရောက် တောင်းပန်သဖြင့် ကာယကံရှင်မိသားစုဝင်များ အနေဖြင့် ကျေနပ်ကြောင်း မိသားစု အဖွဲ့ဝင်များက ပြောကြားသည်။

တေးရေးမြင့်မိုးအောင်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်က စစ်တွေမြို့ရှိ ရွှေသဇင် ဟိုတယ်တွင်ပြုလုပ်သော တေးရေး ရက္ကန်း ဦးဘသာ၏မိသားစုဝင်များနှင့် ရခိုင်ဂီတ အစည်းအရုံး(စစ်တွေ)မှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သတင်းမီဒီယာများရှေ့မှောက်တွင် လူသိရှင်ကြား တောင်းပန်စကားပြောဆိုခဲ့သည်။

“မူရင်းတေးရေးဆရာကို ဥာဏ်ပူဇော်ခပေးတဲ့နေရာမှာ စပြီးတော့ သုံးစွဲခဲ့တဲ့ Fashion Music Festival သုံးစွဲခဲ့တာကစပြီးတော့ ကျနော်ကတော့ပေးချေမှာပါ။ ပြီးလို့ရှိရင် သီးသန့်လည်း ဒီလို တန်ဖိုးရှိတဲ့ ဂန္တဝင်တေးသီချင်းတစ်ပုဒ်ကို ဖန်တီးထားခဲ့တဲ့ တေးရေးဆရာကြီးရဲ့ မိသားစုကိုလည်း သက်သက် ဒါက ကျနော်လည်း တခြားလူတွေအမြင်လွဲမှာစိုးလို့ ငွေနဲ့ဖိတာလည်း မဟုတ်ပါဘူး။ ကျနော့်ဟာ ကျနော် သီးသန့်လေး ကန်တော့ချင်လို့ ကန်တော့ဦးမှာပါ”ဟု တေးရေးမြင့်မိုးအောင်က အခမ်းအနားတွင် ပြောဆိုသည်။

ရခိုင်တေးရေးဆရာ ရက္ကန်း ဦးဘသာရေးသားထားသော ဗုဒ္ဓပူဇနိယတေးသီချင်းအား ချမ်းချမ်း၏ အသစ်ထွက်ရှိလာသည့် “အိပ်မက်”တေးစီးထဲတွင် တေးရေးအမည် မြင့်မိုးအောင်ဟု မှားယွင်း ဖော်ပြထားသည့်ကိစ္စ ဝေဖန်မှုများပေါ်ထွက်လာပြီးနောက် တေးရေးမြင့်မိုးအောင်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်တွေသို့လာရောက်ကာ တေးရေးဦးဘသာ၏ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ယခုကဲ့သို့ လာရောက်တောင်းပန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ယခုကိစ္စနှင့်ပတ်သက်ပြီး နစ်နာမှုအရပ်ရပ်အားလုံးအပေါ် မိသားစုဝင်များ ကျေနပ် လောက်အောင် အထိ တာဝန်ယူပေးမည်ဟုလည်း တေးရေးမြင့်မိုးအောင်က ပြောဆိုသွားခဲ့သည်။

တေးရေးမြင့်မိုးအောင်က ယခုကဲ့သို့ လာရောက်တောင်းပန်မှုအပေါ် လက်ခံကြိုဆိုသည်ဟု တေးရေး ရက္ကန်း ဦးဘသာ၏ သားဖြစ်သူ ဦးကျော်သိန်းက ပြောသည်။

“သူ့အနေနဲ့ အခုလို နစ်နာမှုအားလုံးအတွက် တာဝန်ယူပေးတဲ့အတွက် ကျနော်တို့ဘက်က ဘာမှတော့ ပြောစရာမရှိတော့ပါဘူး” ဟု ယင်းက ဆိုသည်။

ယခုကိစ္စအပေါ် တေးသံရှင် ချမ်းချမ်းကလည်း သူမကိုယ်တိုင် လာရောက်တောင်းပန်လိုသော်လည်း ခရီးလွန်နေသည့်အတွက် မလာရောက်နိုင်ခြင်းဖြစ်သည်ဟု တေးရေးမြင့်မိုးအောင်က ပြောဆို သွားခဲ့သည်။

“ဗုဒ္ဓပူဇနိယ”တေးသီချင်းမှာ မြတ်စွာဘုရားရှင်အား ပူဇော်ပသသည့် ရခိုင်တို့၏ ဂန္ထဝင်မြောက် သီချင်း တစ်ပုဒ်ဖြစ်ပြီး ၁၉၆ဝ ခုနှစ်ဝန်းကျင်ခန့်က ရခိုင်တေးရေးဆရာ ရက္ကန်းဦးဘာသာက ရေးစပ် သီဖွဲ့ခဲ့သည့် တေးတစ်ပုဒ်ဖြစ်သည်။

No comments: