Monday, March 14, 2016

မြောက်ဦး ရှေး/သုနယ်မြေမှ မြေတူးသူ ၂၈ ဦးကို ဖမ်းဆီး ထိန်းသိမ်း

နိရဉ္စရာ၊


ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေး/သုနယ်မြေ အတွင်းမှ မြေတူးသူ ပေါင်းတုတ် မွတ်ဆလင်ရွာမှ ရွာသား ၂၈ ဦးကို ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး မြင့်သောင်းက နိရဉ္စရာသို့ ပြောဆိုသည်။

“ မြေတူးတဲ့ အတွက် ခေါ်ယူ ထိန်းသိမ်းထားပြီး စစ်ဆေးနေတာပါ။ ၂၈ ဦးထဲမှာ ၁၀ ဦးကတော့ မြေတူးရောင်းစားလို့ ၀န်ခံတဲ့ အတွက် သူတို့ကိုတော့ ဆက်လက် အရေးယူသွားမှာ ဖြစ်ပြီး ကျန် ၁၈ ဦးတော့ လွတ်ပေးမှာ ဖြစ်ပါတယ်” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ယခင် ၃၇၈ တပ်ရင်းနယ်မြေဟောင်းရှိ ဘောင်းဒွတ်တောင်တန်းအောက်ရှိ တောင်များကို ဖြိုတူးနေသည်ဟု သတင်းရရှိသဖြင့် ရှေးသု ညွှန်မှူးနဲ့ အတူ သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ သူတို့က ကားတွေနဲ့ မြေတွေကို တူးပြီး လိုအပ်တဲ့ နေရာတွေမှာ ရောင်းနေကြတာပါ။ မြေပွဲစားကတော့ ထွက်ပြေးသွားတယ်။ မမိသေးဘူး” ဟု ဆက်လက် ပြောဆိုသည်။

ယခု ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၈ ဦးစလုံးမှာ ပေါင်းတုတ် မွတ်ဆလင်ရွာမှ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ရှေးဟောင်းဇုန် နယ်နမိတ်အတွင်း မြေမတူးရဟု သတ်မှတ်ထားသော်လည်း စည်းကမ်းမလိုက်နာဘဲ မြေများကို တူးယူမှုများ ရှိနေသဖြင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးမှု ရှိလာသဖြင့် ယခု ရှေးဟောင်းသုတေသန ဌာနမှ တင်းတင်းကြပ်ကြပ် အရေးယူမှုများ ပြုလုပ်လာသည်ဟု သိရသည်။

No comments: