Saturday, March 12, 2016

ဦးလှအောင်ညွှန့်အမှု မြောက်ဦးခရိုင် တရားရုံးက မတ်လ ၁၄ ရက်နေ့ အဆုံးအဖြတ်ပေးမည်

နိရဉ္စရာ၊


မင်းပြားမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်အား မြေပုံမြို့နယ် တရားရုံးက ပြစ်ဒဏ် နှစ်ခုပေါင်း ထောင် (၁) နှစ်ချမှတ်လိုက်ခြင်း အပေါ် အယူခံဝင်ရာ လာမည့် မတ်လ ၁၄ ရက်နေ့တွင် မြောက်ဦးခရိုင် တရားရုံးမှ ဆုံးဖြတ်ချက်ပေးမည်ဟု မိသားစုများက ပြောသည်။

တရားစွဲခံရသည့် အကြောင်းအရင်း

ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်သည် သူနှင့် ခင်မင်ရင်းနှီးသည့် မင်းပြားမြို့၊ အောက်ရွာပိုင်း ရပ်ကွက်နေ ဒေါ်ဦးမြကြည် နေအိမ်သို့ ၂၀၁၅ ခုနှစ် ၊ သြဂုတ် ၃၀ ရက်နေ့၊ မနက် ၈ နာရီတွင် ဒေါ်ဦးမြကြည်၏ အမျိုးသားနှင့် အတူ ရောက်ရှိခဲ့သည်။

ထိုသို့ ရောက်ရှိလာစဉ် ဒေါ်ဦးမြကြည်အား ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စံရွှေအောင်က လှူဒါန်းသော ရခိုင်ရေဘေး အလှူပစ္စည်းများအား သူမအနေဖြင့် ကျေးရွာများသို့ သွားရောက် ပေးအပ်နေသည်များကို ရပ်တန့်ရန်နှင့် ဆက်လက် သွားရောက်လှူဒါန်းခြင်း ပြုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေါ်ဦးမြကြည်က စွပ်စွဲပြီး မင်းပြားမြို့မ ရဲစခန်းတွင် တရားလိုလုပ်ပြီး အမှုဖွင့်သည်။

မင်းပြားမြို့နယ်ရဲစခန်းမှ အမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် လက်ခံပြီး (ပ) ၁၃၃/၁၅၊ ပုဒ်မ အမူဖွင့်လှစ်ခဲ့သည်။

မြေပုံမြို့နယ် တရားရုံးမှထောင်ချ

မင်းပြားမြို့နယ် တရားရုံးတွင် ၎င်းအမှုကို စစ်ဆေးပါက ဘက်လိုက် ဆုံးဖြတ်မှုများရှိနေသဖြင့် တရားရုံးပြောင်းရွှေ့ပေးရန် ဦးလှအောင်ညွှန့်တို့မှ မြောက်ဦးမြို့နယ် ခရိုင်ရုံးသို့ လျှောက်ထားရာ မြေပုံမြို့နယ် တရားရုံးသို့ ပြောင်းလဲ စစ်ဆေးစေခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလ ၂၈ နေ့တွင် မြေပုံမြို့နယ် တရားသူကြီးမှ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု ပုဒ်မများဖြစ်ကြသည့် ၄၅၁ နှင့် ၅၀၆ တို့ဖြင့် ထောင် (၁) နှစ်ချ မှတ်ခဲ့သည်။

အယူခံဝင်

ယင်းပြစ်ဒဏ် အပေါ် မိသားစုများက မကျေနပ်သဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြောက်ဦးခရိုင် တရားရုံးတွင် အယူခံဝင်ခဲ့ရာ အယူခံကို လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၂ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် နှစ်ဘက် လျှောက်လဲချက်များကို ကြားနာ စစ်ဆေးခဲ့ပြီး လာမည့် မတ်လ ၁၄ ရက်နေ့တွင် အမှုကို ဆုံးဖြတ်မည် ဖြစ်ကြောင်း တရားရုံးက ကြေညာသည်။

No comments: