Thursday, March 10, 2016

သပိတ်ကျင်းတွင်ယာမြေ ဧက ၅၀ကျော် တောင်သူများပြန်သိမ်း

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စု၊ ကျောက်ဖြာကျေးရွာတွင် ဒေသခံများဓားမဦးချစိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ယာမြေဧက ၅၀ ကျော်ကို ၂၀၁၂ခုနှစ်တွင် သစ်တောဦးစီးဌာနမှ သစ်စိုက်ကွင်းပြုလုပ်ရန်အတွက် သိမ်းယူထားခဲ့ရာ အဆိုပါမြေများကို ဒေသခံ ၂၀၀ ကျော်တို့က မတ် ၈ ရက် နံနက် ၁၁ နာရီတွင် ပြန်လည်သိမ်းယူလိုက်သည်။

"ပြန်ပေးဖို့တောင်းနေတာကြာပြီမပေးဘူး။လူလိုတောင်းတာမရဘူး။သူတို့ဘာမှမလုပ်ဘူး။ဘာမှလည်းမစိုက်ဘူး။ဒါကြောင့် ကျွန်တော်တို့အားလုံးစုပေါင်းပြီး ပြန်သိမ်းယူလိုက်တာပဲ။"ဟု ဒေသခံ ဦးဝင်းကျော်ကပြောသည်။

စတင်သိမ်းဆည်းစဉ်မှစတင်၍ မြေများပြန်လည်ရရှိစေရန် သစ်တောဦးစီးဌာန အပါအဝင်သက်ဆိုင်ရာ အဆင့်ဆင့်ကို စာတင်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်အပြင် သပိတ်ကျင်းမြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးမှူးနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

"သစ်တောနဲ့လည်းခဏခဏတွေ့တယ်။ပါးစပ်ကတော့ဖြေရှင်းပေးမယ်ပြောတယ်။လက်တွေ့ဘာမှရှင်းမပေးဘူး။တစ်ချို့ဆို သူတို့ရောင်းစားတာတွေရှိတယ်။ဒါကိုမကျေနပ်ဘူး။မကျေနပ်လို့လည်း ဒီနေ့မြေပြန်သိမ်းတာပဲ။"ဟု ယာမြေသိမ်းခံရသည့် တောင်သူ ဒေါ်ဆန်းကပြောသည်။

အသက်၈၃နှစ်အရွယ် ဒေါ်ကြည် က "အမေတို့ငတ်နေပြီး အသက်ကြီးတော့ ဘာမှလုပ်မစားနိုင်ဘူး။ပြန်ပေးမယ်ပြန်ပေးမယ်နဲ့အခုထိမပေးဘူး။အမေက မြေပြန်ယူလိုက်ပြီ စိုက်ဖို့ပျိုးဖို့ဆက်လုပ်သွားမယ်။" ဟုပြောသည်။

သပိတ်ကျင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင်က "ကျွန်တော်တို့သိမ်းထားတဲ့မြေမရှိပါဘူး။အခု သူတို့ဆန္ဒပြ ပြန်သိမ်းတဲ့မြေကလည်း ကျွန်တော်တို့ သစ်တောမြေမဟုတ်ပါဘူး။ လမ်းဘေးမှာ ပေါက်နေတဲ့အပင်တွေကိုတော့ ထိန်းသိမ်းထားတာတော့ရှိတယ်။ပြီတော့ အခုပြန်သိမ်းတယ်ဆိုတဲ့မြေနေရာက အရင်ကတော့ ကျွန်တော်တို့ သစ်ကွင်းလုပ်ခဲ့ဘူးတယ်။ အခုမလုပ်တော့ တာကြာပါပြီ"ဟု ပြောသည်။

အဆိုပါဒေသခံများ ဓားမဦးချစိုက်ပျိုးခဲ့သည့်မြေနေရာတွင် ၁၉၇၈ ခုနှစ်က သစ်ကွင်း တစ်နှစ်ပြုလုပ်ခဲ့ဘူးသည်ဟု ဦးနေမျိုးအောင်ကဆိုသည်။

ယာမြေပြန်လည်သိမ်းယူသောဒေသခံများအနေဖြင့် ပိုင်ဆိုင်ခဲ့သည့်မြေဧရိယာများသတ်မှတ်၍ အမြန်ဆုံးပြန်လည်စိုက်ပျိုးသွားမည်ဖြစ်သည်။

No comments: