ဝါဆို
သင်္ကြန်ကာလအတွင်း ပြည်တွင်းအလည်အပတ်ခရီးသွားများနှင့် နေရပ်ပြန်မည့်သူများ ကားလက်မှတ် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ခရီးသွားအချို့ထံမှ သိရသည်။
"ကားလက်မှတ်က နီးစပ်ရာပဲရောင်းတာ များတယ်။ အခုလက်မှတ် ဝယ်ဆိုရင် ဟိုနေ့လာဝယ်။ ဒီနေ့လာဝယ်နဲ့ သွားဝယ်ရင် ကုန်သွားပြီလို့ပဲပြောတယ်၊ အဆင်မပြေဘူး"ဟု ဧရာဝတီတိုင်း မြန်အောင်သို့ ပြန်မည့် ခရီးသည် မအိဟေမာက မဇ္ဈိမကိုပြောသည်။
မြန်အောင်သို့ ပြန်မည့် ခရီးသည်များ ကားလက်မှတ် ခက်ခဲမှုကြောင့် ခရီးသည် ၁၁ယောက်ခန့် စီးနိုင်သည့် ကားများ စုပေါင်း စင်းလုံးငှားရန် စီစဉ်မှုများလည်း ရှိသည်ဟု မြန်အောင်ကိုပြန်မည့် မရွှေစင်စုက မျှဝေသည်။
လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် မြန်အောင်ချစ်သူများ ဖေ့စ်ဘုတ်ကွန်ယက်ဖွင့်ထားပြီး ထိုနေရာတွင် လက်မှတ်ဝယ်ရန် ခက်ခဲသူများအတွက် ကားစုငှားနိုင်ရန် ဖုန်းနံပါတ်များ ကြေငြာထားသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
"အခုထိတော့ ကားလက်မှတ်ကတော့မဝယ်ရသေးဘူး။ ဒါပေမယ့် ဆူလေးကနေ ခရီးသည် ၁၁ယောက်ဆန့်ကားနဲ့တော့ တစ်ယောက် ၇၀၀၀နှုန်း အဝေးပြေးမှာက ၅၅၀၀ ဆိုတော့ ၁၅၀၀တော့ကွာတယ်၊ လက်မှတ်ဝယ်မရရင်တော့ အဲ့လိုပြန်မှ ဖြစ်တော့မယ်"ဟု ၎င်းက ပြောသည်။
ရွှေဘိုမြို့ဇာတိ မဟန်နီစိုးကလည်း “ကျွန်မတို့ဆို ရွှေဘိုကို ပြန်မလို့ ကားလက်မှတ်ဝယ်တာ တစ်လလောက်ကြိုဝယ်တာတောင်မရဘူး၊ မနှစ်ကလည်းအလိုပဲ ဝယ်မရလို့ မပြန်လိုက်ရဘူး၊ အခုတစ်လကြိုဝယ်တယ် ခုထိ မရသေဘူး။ ကိုယ်တွေက မင်္ဂလာဈေး အလုပ်လုပ်ရတာဆိုတော့ သူတို့က ဟိုနေ့ချိန်းလိုက် ဒီနေ့ချိန်းလိုက်နဲ့ ခုထိလက်မှတ် ဖြတ်တာ မရသေဘူး ဖြစ်နေတယ်”ဟု ပြောသည်။
သင်္ကြန်ကာလအတွင်း ကားလက်မှတ်ရောင်းချမှုကို မတ်လ ၂၉ ရက်နေ့တွင် စတင်ရောင်းချပေးမည်ဟု ရွှေစင်စင်္ကြာ ကားလက်မှတ် အရောင်းအဌာနမှ သိရသည်။
"အခုကသင်္ကြန်အတွက် ပုံမှန် ၂၉ ရက်နေ့ရောင်းမယ်။ ခရီးစဉ်ထဲတော့ ပုဂံညောင်းဦး၊ ပုပ္ပါးဘက်ကို အဝယ်များကြတယ်"ဟု ၎င်းကပြောသည်။
မဟာနွယ် ကားလက်မှတ် အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက သင်္ကြန်ကာလအတွက် ကားလက်မှတ်ကို မတ်လ ၈၊ ၉၊ ၁၀ရက်ထိ ရောင်းပေးနေကြောင်း သင်္ကြန်ကာလအတွက်ပါ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမည်ဟု လက်မှတ်အရောင်း ၀န်ထမ်းတစ်ဦးက ပြေသည်။
မန္တလေး၊ ပုဂံညောင်ဦး၊ ပုပ္ပါး၊ ပခုက္ကူ၊ မြင်းခြံ ကားလက်မှတ် ဝယ်သူများပြားသဖြင့် ကားလက်မှတ်ဝယ်ရန် အခက်ခဲရှိနိုင်သည်ဟု မဟာနွယ်မှ သိရသည်။
သင်္ကြန်ကာလများ၌ အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခ ပိုမိုတောင်းခံမှုများ၊ ခရီးသွားလက်မှတ် ကြိုတင်မှာ ယူမှုများတွင် ဈေးနှုန်းမြှင့်ရောင်းချမှုများ၊ ခရီးသွားများကိုယ်တိုင် သွားရောက်ဝယ်ယူရာတွင် အခက်အခဲများစွာ ကြုံတွေ့ရခြင်း ကဲ့သို့ အခက်အခဲဖြစ်ခဲ့သည့် အတွေ့အကြုံရှိ၍ သင်္ကြန်ကာလအတွင်း အဆင်ပြေချောမွေ့စေရန် ယာဉ်စီခ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်သည့် သီးသန့်ဖုန်းနံပါတ်များ ထုတ်ပေးမည်ဟု မထသ ဗဟိုကော်မတီ ဥက္ကဌ ဦးလှအောင်က ပြောသည်။
၂၀၁၅ ခုနှစ်သင်္ကြန်ကာလအတွင်း လက်မှတ်ခ ပိုမိုတောင်ခံမှုကြောင့် ခရီးသည်များက တိုင်ကြားခံရသည့် ယာဉ်လိုင်း ၃၄ လိုင်းကို တိုင်ကြားမှု ၆၀မှု ရှိခဲ့သည်။
အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေသည့် ကားလိုင်းပေါင်း ၁၄၆လိုင်း ရှိပြီး ယာဉ်အစီးရေ ၁၆၅၂ စီးရှိသည်။
No comments:
Post a Comment