Monday, March 14, 2016

မယ်လဒုက္ခသည်များ ပါဝင်သည့် လိုင်းကားတစီး တိမ်းမှောက်၍ ၁ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

စောသိန်းမြင့်


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ရှိ မယ်လဒုက္ခသည်စခန်းအနီး အဝေးပြေး လမ်းကြီးပေါ်တွင် မတ် ၈ရက်နေ့၊ နံနက် ၁၀နာရီခန့်က ဒုက္ခသည်များအပါအဝင် ခရီးသည် ၃၂ဦး စီးနင်းလိုက်ပါသည့် လိုင်းကားတစီးတိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည် ၁ဦးသေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မဲဆောက်မြို့မှ မဲ့စရင်းယန်းမြို့သို့ မောင်းနှင်လာသည့် အဆိုပါ လိုင်းကားသည် မယ်လဒုက္ခသည်စခန်းနှင့် မဲ့တန့်အကြား၊ လမ်းပြုပြင်မှု လုပ်ဆောင်နေသည့် တနေရာ၌ အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားကြည့်သူ မယ်လ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စောမောကဲက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကားထဲမှာဆိုရင်(ဒုက္ခသည်)စခန်းထဲက လူ ၁၀ကျော်ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ အထဲမှာလည်း စခန်းကလူပါတယ်။ ဒဏ်ရာပြင်းထန်တဲ့လူအထဲမှာလည်း စခန်းထဲ တစ်ဦးပါဝင် တယ်။ ကားက ခရီးသည် အပြည့်တင်ဆောင်လာပြီးတော့ အရှိန်ပြင်းပြင်းမောင်းလာတဲ့အတွက် တိမ်းမှောက်မှု ဖြစ်သွားတာဖြစ်တယ်လို့ အဲဒီနားက လမ်းပြုပြင်သူတွေက ပြောပြတယ်”ဟု ပြောသည်။

အဆိုပါ လိုင်းကားကို မောင်းသူမှာ ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ကားတိမ်းမှောက်၍ သေဆုံးခဲ့သူ တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူ ၂၀ဦးကျော်အနက် ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရသည့် လူနာများကို မဲဆောက်ဆေးရုံကြီးသို့ မတ်လ ၈ရက်နေ့က ပို့ဆောင်ထားကြောင်း စောမောကဲက ဆက်ပြောသည်။

၎င်းကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် ဒုက္ခသည်များပါဝင်ခဲ့မှုအပေါ် စခန်းရှိ ထိုင်းအာဏာပိုင်များက စခန်းတာဝန်ရှိသူများကို တစုံတရာ တွေ့ဆုံပြောဆိုမှုများ မရှိသေးသော်လည်း ဒုက္ခသည်များအနေဖြင့် စခန်းပြင်ထွက်ပြီး အသွားအလာ ဆင်ခြင်ရန် လိုအပ်သည်ဟု မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ စောအောနက်က ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ၆၀ကီလိုမီတာ အကွာရှိ လူဦးရေ ၄၀‚၀၀၀ ကျော် နေထိုင်သော မယ်လဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်များသည် ယခင်က စခန်းအပြင်ထွက်ပြီး မတော်တဆ ယဉ်တိုက်သေဆုံးမှုမရှိသော်လည်း ယခုလို အဝေးပြေးလိုင်းကား စီးနင်းလိုက်ပါပြီး တိမ်းမှောက်မှုနှင့် ကြုံနေရခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

No comments: