Thursday, March 10, 2016

ကချင်ဘိန်းဖျက်အဖွဲ့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒပြသူများကို ဦးဇခုန်တိန့်ယိန်း မိသားစုက အမှုဖွင့်

ဖနိဒါ

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(PJS)က ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဦးဇခုန်တိန့်ယိန်း၏ အိမ်ရှေ့တွင် ဆန္ဒပြမှုနှင့်ပတ်သက်၍ ၎င်းမိသားစုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ကချင်ပြည်နယ် အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်နှင့် ရုံးရှေ့တွင် ဆန္ဒပြသူများက ကျောက်ခဲဖြင့် ပစ်ပေါက်မှု၊ ဆဲဆိုမှု၊ ဂုဏ်သိက္ခာ ညိုးနွမ်းစေမှု၊ ချိန်းခြောက်မှု၊ အကျိုး ဖျက်ဆီးမှုတို့ အပါအဝင် ပုဒ်မ ၆ ခုဖြင့် မတ် ၇ ရက်က ကချင်ပြည်နယ် အမှတ်(၂) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်သည်ဟု မြစ်ကြီးနားမြို့ အမှတ် ၂ နယ်မြေ ရဲစခန်း မှ ဒုရဲအုပ် အောင်ကျော်မြင့်က ပြောသည်။

“အမှုဖွင့်ထားရှိပါတယ်။ သူတို့က ဆဲမှု၊ ခဲပေါက်မှု။ အကျိုးဖျက်ဆီးမှု၊ ချိန်းခြောက်မှု ၂၉၄၊ ၃၃၆၊ ၄၂၇၊ ၅၀၀၊ ၅၀၆ ပုဒ်မ ၆ ခုနဲ့ ၇ ရက်နေ့က အမှု လက်ခံဖွင့်ထားတယ်။ အိမ်မှာကာတဲ့ မှန်တွေနဲ့ ပန်းအိုးတို့ ကွဲတာတွေ ပျက်ဆီးဆုံးရှုံးတယ်လို့ တိုင်ထားပါတယ်။သူတို့ ရုံးမှာ လုံခြုံရေးစောင့်တဲ့ အစောင့်က လာဖွင့်တာ။ ပတ်ဂျဆန်အဖွဲ့ကို အမှုဖွင့်ထားတယ်လို့တော့ မပြောထားဘူး။ အခုတော့ လောလောဆယ် ကျနော်တို့ကတော့ တရားခံ စုံစမ်းစစ်ဆေးဆဲဘဲ ရှိပါသေးတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(PJS)အား တိုက်ရိုက် အမှုဖွင့်ထားခြင်း မဟုတ်ဘဲ ဆန္ဒပြမှုတွင် ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဆဲဆိုခြင်းနှင့် ပစ္စည်းများ ဖျက်ဆီးသူများကို အမှုဖွင့် တိုင်ကြားထားခြင်းဖြစ် သည်ဟု သူက ပြောသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဦးဇခုန်တိန့်ယိန်း၏ မိသားစုမှ အမှုဖွင့်ုတိုင်ကြားမှုနှင့် ပတ်သက်၍ မသိရသေးကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(PJS) မှ ဦးဒေါင်ခေါင်းက ပြောသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(PJS)သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က ဝိုင်းမော်မြို့နယ် ဆဒုံး၊ ကန့်ပိုင်တီ၊ ချီဖွေ ဒေသများရှိ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးနေစဉ် ဘိန်းစိုက်ပျိုးသူများနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့က လက်နက် ခဲယမ်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရသူများအား မြစ်ကြီးနား ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာချိန် ညနေပိုင်းတွင် ကချင်ပြည်သူလူထု ရာချီ၍ ဆေးရုံရှေ့၊ ဦးဇခုန်တိန့်ယိန်း၏ နေအိမ်နှင့် သူ၏ ကချင်ပြည်နယ် အထူးဒေသ (၁)ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသလို၊ နောက် တစ်ရက် ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း မနောကွင်းမှ မြို့ပတ်ကာ ထပ်မံ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့များ တွေ့ဆုံညှိနှိုင်းကာ ပြည်ထောင်စု အစိုးရသို့ လုံခြုံရေး တိုးမြင့်ပေးရေး တောင်းဆိုသွားရန် သဘောတူညီခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ၉ ဦးအား မတ်လ ၂ ရက် စစ်ဆေးခဲ့သည်။

No comments: