အောင်ကိုဦး
မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားကို သင်္ကြန်ကာလအတွင်းတွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်မှုများပြုလုပ်သွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေ ကပြောသည်။
"သင်္ကြန်မှာ တံတားပေါ်ကို အုပ်စုလိုက်သွားလာကြတာများတယ်။ ကကြခုန်ကြတော့ တံတားကျိုးနိုင်တယ်။ ဒါကြောင့် မူးယစ်သောက်စားထားတဲ့သူတွေ ကန့်သတ်သွားမယ်။ အုပ်စုလိုက်ကြီး သွားလာမှုကိုလည်း ကန့်သတ်သွားမယ်။"ဟု ဦးလှရွှေ ကပြောသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းကလည်း သင်္ကြန်ကာလအတွင်း ဦးပိန်တံတားပေါ်တွင် အရက်သေစာများသောက်စားသည်ကို တွေ့ရှိပါက အရေးယူသွားမှာဖြစ်ပြီး လုံခြုံရေးအင်အား ၂၀ ဦးချထားမှာဖြစ်သလို ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက်လည်း ယာဉ်ထိန်ရဲများလည်း ချထားမည်ဟုဆိုသည်။
ဦးပိန်တံတားကို ရှေးမူမပျက် ပြုပြင်နေမှုများကိုလည်း ဆောင်ရွက်နေရာ သင်္ကြန်မတိုင်ခင် ပြင်ဆင်မှုများပြီးမည်ဟုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ လက်ထောက်ညွှန်ကြာရေးမှူး ဦးလှရွှေ ကဆိုသည်။
"ကနဦးအနေနဲ့ အခန်း ၇ ခန်းကို သင်္ကြန်အမီးပြုပြင်နေတယ်။အဲဒီနေရာတွေက စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ်။ အောက်ခြေတိုင်တွေ၊ တန်းတွေကလည်းဆွေးနေတယ်။ ဒါကြောင့် အဲဒါတွေကို အရင်ပြင်တာပါ။"ဟု ဦးလှရွှေ ကပြောသည်။
သင်္ကြန်ကာလတွင် သင်္ကြန်လည်ပတ်ပြီးပါက တောင်သမံအင်းသို့ လာရောက်အနားယူကြပြီး ဦးပိန်တံတားပေါ်သို့ ဖြတ်သန်းသွားလာမှုများ ပြုလုပ်၍ တံတားပေါ်တွင် ကခုန်ခြင်းနှင့်အုပ်စုဖွဲ့ ဖြတ်သန်းသွားလာမှုများပြုလုပ်ကာ အမှတ်တရဓာတ်ပုံရိုက်ခြင်း လေညှင်းခံခြင်းနှင့် တောင်သမံအလှကို ကြည့်ရှု့ခြင်းများပြုလုပ်ကြသည်။
သင်္ကြန်ကာလတွင် မန္တလေးမြို့ပေါ်များသာမက အခြားမြို့များကပါ တောင်သမံအင်းနှင့်ဦးပိန်တံတားကို လာရောက်အပန်းဖြေ ဖြတ်သန်းသွားလာမှုများရှိခြင်းကြောင့် နှစ်စဉ်စည်ကားသည်။
တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက "ကန့်သတ်တာကောင်းပါတယ်။ တံတားခံနိုင်ရည်က အတော်နည်းနေပြီလေ။ တစ်ချို့နေရာတွေလည်း ပြင်နေတာတွေ့တယ်။"ဟု ပြောသည်။
၂၀၁၃ခုနှစ်၊ သင်္ကြန်ကာလကလည်း ဦးပိန်တံတားကျိုးကျခဲ့ခြင်းကြောင့် လာရောက်လည်ပတ်ဖြတ်သန်းသွားလာသူများ ဒဏ်ရာအသီးသီးရရှိခဲ့ဘူးသည်။
ဦးပိန်တံတားပေါ်တွင် အမှတ်တရလက်ဆောင် ရချနေသူ မအေးဝင်း က "ဟိုတုန်းက တစ်ခါကျိုးကျဘူးတယ်။ ကျိုးတာပဲ့တာတော့ရှိတယ်။ သာမန်ရက်တွေကတော့ ပြသနာမရှိပါဘူး။ အခါကြီး၊ရက်ကြီးကတော့ နယ်ပေါင်းစုံကလာတာဆိုတော့ တံတားပေါ်အပြည့်ပဲ။သင်္ကြန်ဆိုပိုဆိုးတယ်။ အကန့်အသတ်နဲ့ ထိန်းလွှတ်ဖို့ဆိုတာတော့ မလွယ်လောက်ဘူး။ ကျွန်မအမြင်ပြောတာပါ။" ဟုပြောသည်။
သင်္ကြန်ကာလအတွင်းတွင် ဦးပိန်တံတားပေါ်သို့ ဖြတ်သန်းသွားလာမှုကို တံတားခံနိုင်ဝန်ကိုကြည့်၍ ခွင့်ပြုသွားမည်ဖြစ်သည်။
No comments:
Post a Comment