မဇ္ဈိမ
ဥပဒေနှင့် ဒီမိုကရေစီစင်တာ CLD က နိုင်ငံတကာမီဒီယာထောက်ကူရေးအဖွဲ့ IMS ၏ ပံ့ပိုးမှုနှင့်အတူ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက သဘောတူထားသည့် မြန်မာနိုင်ငံ၏ ရုပ်သံလွှင့်ဥပဒေအပေါ် ဆန်းစစ်ချက်အား ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရုပ်သံလွှင့်ဥပဒေဆန်းစစ်ချက်အား မတ် ၁၉ - ၂၀ ကျင်းပပြုလုပ်မည့် Myanmar Media Law Conference; Challenges to Myanmar's Media Landscape တွင် တင်သွင်းဖတ်ကြားမည်ဖြစ်သည်။
ရုပ်သံလွှင့်ဥပဒေသည် နိုင်ငံတကာစံချိန်စံညွန်းများနှင့် အညီ မြန်မာနိုင်ငံအတွင်း မီဒီယာဥပဒေအသက်ဝင်ရေး လုပ်ကိုင်ဆောင်ရွက်ရမည်များ များစွာလိုအပ်ကြောင်း ယင်းဆန်းစစ်ချက်တွင် မှတ်ချက်ချထားသည်။ ဥပဒေမူဘောင်ကို မြှင့်တင်ရမည့် အချက်အလက်နေရာများစွာ ရှိနေကြောင်းလည်း ထောက်ပြထားသည်။ တစ်ချို့အစိတ်အပိုင်းများတွင် စည်းမျဉ်းစည်းကမ်းများ မြှင့်တင်ပြဌာန်းရမည်ဖြစ်ကာ တစ်ချို့နေရာများတွင် ပြင်ဆင်မှုများ ပြုလုပ်သွားရန်လိုကြောင်းလည်း မတ် ၁၉ ရက်က CLD က ထုတ်ပြန်သည့် ဆန်းစစ်ချက်တွင် ဖော်ပြသည်။
"ဥပဒေက လွတ်လပ်ခွင့်၊ လုံခြုံရေးနှင့် တရားမျှတမှု စသည်တို့မှာ နိုင်ငံတကာ စံတွေနဲ့ ညီအောင် ကောင်းမွန်တဲ့ မူဘောင်ကို ဖော်ဆောင်ထားတာ တွေ့ရပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတွင်းမှာ ရုပ်သံလွှင့်ကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် ထပ်တိုးစည်းမျဉ်းဥပဒေတွေ ဖြည့်စွက်ဖို့ လိုနေပါသေးတယ်။"ဟု CLD အမှုဆောင်ဥက္ကဌ Toby Mendel က ပြောသည်။
ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ကာ ရေးဆွဲထားသည့် ယင်းဥပဒေတွင် ကောင်းမွန်သည့် အချက်အလက်များမှာ ရုပ်သံလွှင့်ကဏ္ဍတွင် စည်းမျဉ်းကြပ်မတ်ရန်အတွက် လွတ်လပ်သည့် ကောင်စီဖွဲ့စည်း ထားရှိစေခြင်း၊ မျှတစွာယှဉ်ပြိုင်နိုင်မှုကို အခြေခံကာ လိုင်စင်ထုတ်ပေးသည်စနစ်၊ ရုပ်သံလွှင့်ဌာနများ အမျိုးမျိုး ထွက်ပေါ်လာရေးကို တွန်းအားပေးခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနကို အသိအမှတ်ပြု ထားခြင်းများ ပါဝင်သည်။
တစ်ချိန်တည်းမှာပင် ဥပဒေ၌ ဒီဂျစ်တယ်ရုပ်သံလွှင့်ထုတ်မှုသို့ အကူးအပြောင်းကိစ္စရပ်များနှင့် အစိုးရထိန်းချုပ်သည့် ရုပ်သံလွှင့်ဌာနကို အသိအမှတ်ပြုထားခြင်း စသည်ကိစ္စရပ်များအတွက် ဖြေရှင်းမပေးနိုင်သည့် ဥပဒေဖြစ်နေသေးသည်။ ဆန်းစစ်ချက်တွင် စည်းမျဉ်းစည်းကမ်းပိုမိုလွတ်လပ်ခြင်း၊ မီဒီယာလုပ်ငန်းတည်ထောင်ပိုင်ဆိုင်မှု ပိုမိုလွတ်လပ်မှုရှိခြင်းတို့အပြင် ဥပဒေ ပိုမိုကောင်းမွန်ရေး အချက်အလက်များကို ထင်မြင်ချက်ပေး ဖော်ပြထားသည်။
No comments:
Post a Comment