Friday, March 4, 2016

မြေမြှုပ်မိုင်း ရှင်းပေးရန် နှင့် ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရန် အစိုးရသစ်ကို တောင်းဆို

ယဉ်မွန်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအတွင်းရှိ ဟိုပုန်းကျေးရွာတွင် မြေမြှုပ်မိုင်း မရှင်းလင်းသေးသည့်အတွက် ရွာသားများမှာ အိမ်မပြန်ရဲဘဲ တာမိုးညဲမြို့နယ်တွင် ခိုလှုံနေရကြောင်း ဒေသခံရွာသားများက မတ်လ ၁ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။

ဟိုပုန်းကျေးရွာတွင် မြေမြှုပ်မိုင်းကြောင့် ၂၀၁၆ ဖေဖော်ဝါရီလအတွင်း ရွာသားတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

“အစ်မယောင်္ကျားနဲ့ အစ်မတို့ ရွာနားက တောင်ကုန်းနားမှာ ပစ္စည်းတွေလိုက်ရှာရင်း အစ်မယောင်္ကျားက မြေမြှုပ်မိုင်းထိတာပါ။ အဲဒီမြေမြှုပ်မိုင်းကို ဘယ်လက်နက်ကိုင်က မြှုပ်သွားလဲမသိပေမယ့် အမြန်ဆုံး လာဖော်စေချင်တယ်။ အခုကျွန်မတို့ရွာမှာ ရွာသား ၃၀၀ ကျော်ဟာ နေရပ်ကို မပြန်ဘဲ သူများဆီမှာ ခိုလှုံနေရတဲ့အတွက် အရမ်းဒုက္ခရောက်နေပါတယ်” ဟု ဟိုပုန်းရွာခံတစ်ဦးဖြစ်သူ ဒေါ်ဂျာတောင်က ပြောသည်။

လက်ရှိ ရွာထဲတွင် စာမေးပွဲဖြေဆိုရန်ရှိနေကြသော ကျောင်းသာများရှိနေသည့်အတွက်လည်း မြေမြှုပ်မိုင်းကိစ္စကို အမြန်ဆုံးဖော်ဆောင်ပေးရန် တောင်းဆိုလိုက်ပြီး သက်ဆိုင်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တအာင်းလွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်တို့ထံ ဖေဖော်ဝါရီ ၂၂ရက်က မေတ္တာရပ်ခံလွှာများ ပေးပို့ခဲ့သော်လည်း ယနေ့ချိန်ထိ အကြောင်းမပြန်သေးကြောင်း ဦးအိုက်ဇက်အောင်က ပြောသည်။

“အခုဆို ရွာမှာလူဦးရေက ၃၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ကျောင်းသား စာမေးပွဲဖြေမယ့်ကလေးတွေလည်း ပါတယ်။ အဲဒီတော့ သူတို့တွေ နေရပ်ပြန်နိုင်ဖို့ ကျွန်တော်တိုပတွေက မြေမြှုပ်မိုင်းရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ အကြောင်းမပြန်သေးရင်တော့ ကျွန်တော်တို့ ရှေ့ဆက်တောင်းဆိုသွားမှာပါ။ အခုတော့ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူတွေနဲ့ ရွာသားတွေကို မြေမြှုပ်မိုင်းအကြောင်း အသိပညာပေးဖို့ စီစဉ်ထားပါတယ်။ ” ဟု Humanity Institute မှ Deputy Director ဦးအိုက်ဇက်အောင်က ပြောသည်။

မကြာမီအချိန်ကာလတွင် အစိုးရသစ်တစ်ရပ်ကူးပြောင်းတော့မည်ဖြစ်သောကြောင့် အစိုးရသစ်လက်ထက်တွင် ပြည်တွင်းစစ်ငြိမ်းချမ်းသွားရန် နှင့် ပြည်သူကို ကာကွယ်ပေးသော အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာရန်လည်း မျှော်လင့်နေကြောင်း ဒေါ်ဂျာတောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယင်းဒေသတွင် တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်၊ တပ်မတော် နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

No comments: