Wednesday, March 9, 2016

တရားသူကြီးအမိန့်ချမှတ်မှုကို မကျေနပ်၍ မတ္တရာတွင် ဆန္ဒထုတ်ဖော်

အောင်ကိုဦး

မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်တွင် မြို့နယ်တရားရုံးမှ ပုဒ်မ ၃၆၆/၁၄၄ တို့ကို အမိန့်ချရာတွင် မကျေနပ်သောကြောင့် တရားလိုမိသားစုဝင်များနှင့် လူထုအကျိုးပြု အင်အားစုအဖွဲ့က မတ် ၇ ရက်၊နံနက် ၁၀ နာရီ၊၃၀ မိနစ်က အင်အား ၁၅ ဦးက ဆန္ဒဖော်ထုတ်ကြသည်။

ဆန္ဒဖော်ထုတ်သူများသည် မတ္တရာမြို့ စက်လွန်ဖြူ အထက်တန်းကျောင်းရှေ့မှစတင်၍ မတ္တရာလူထုဟစ်တိုင်ကွင်းသို့ တရားဥပဒေယိုင်နဲ့မှု၊ အလိုမရှိ၊ ပြစ်မှုပြစ်ဒဏ်မျှတရေး၊ပြည်သူ့အရေး၊ တရားဥပဒေ အကျင့်ပျက်ဝန်ထမ်းများ အလိုမရှိ၊တရားဥပဒေစိုးမိုးရေး၊တို့အရေး ဟူ၍ ကြွေးကြော်ချီတက်ကြသည်။

မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာမှ မဝေဖူးအောင်ကို တစ်ရွာတည်းနေသူ ကိုနွယ်အောင်နှင့်အပေါင်းအပါ ၆ ဦးတို့က ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ တွင် လိမ်လည်ခေါ်ယူ၍ ကာမရယူခဲ့ကြောင့် မတ္တရာမြို့နယ်၊ မြို့မ ရဲစခန်းသို့ အရေးယူပေးရန်တိုင်ကြားခဲ့ရာမှ မြို့မရဲစခန်းက တရားခံနွယ်အောင် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရလည်းကောင်း၊ ကျန်တရားခံများဖြစ်ကြသည့် ကိုစည်သူ၊ကိုရဲဝင်းအောင်၊ကိုရဲထွဋ်အောင်၊ ကိုကုလား၊ကိုသော်ဇင်နိုင်၊ စိုင်းကိုကိုတို့ အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆/၁၄၄ အရ မတ္တရာမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

ယင်းနောက် မတ္တရာမြို့နယ်တရားရုံးမှ ၂၀၁၅ခုနှစ် ပြစ်မှုကြီးအမှတ် ၅/၂၀၁၅ဖြင့် လက်ခံကာ တရားလိုတရားခံများနှင့်နှစ်ဖက်သက်သေများကို စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က တရားခံနွယ်အောင်အပေါ်၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ ထောင်ဒဏ် တစ်နှစ်နှင့်ခြောက်လ ကျခံစေရန်နှင့်ကျန်တရားခံများဖြစ်ကြသည့် စည်သူ၊ရဲဝင်းအောင်၊ ရဲထွဋ်အောင်၊ ကုလား၊ သော်ဇင်နိုင်၊စိုင်းကိုကို တို့ကို ပြစ်မှုငြိစွန်းခြင်းမရှိသဖြင့် အမှုမှတရားသေလွှတ်ပေးခဲ့သည်။

ယင်းအမိန့်ချမှတ်မှုကို မကျေနပ်သောကြောင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု တရားလို၏ မိခင် ဒေါ်ခင်မာကဆိုသည်။

"ကျွန်မသမီးလေကို မတရားသဖြင့်လုပ်ခဲ့တာကို ပြစ်ဒဏ်ချတော့ တစ်နှစ်နဲ့ခြောက်လဆိုတော့ ကျွန်မတို့ ခံရတဲ့မိသားစုအနေနဲ့နစ်နာပါတယ်။ ကျွန်မတို့အနေနဲ့ထိရောက်တဲ့ပြစ်ဒဏ်ကို ရစေချင်တယ်။ အခုကျတော့ ကျွန်မတို့တရားရေးကို နားမလည်တော့ဘူး။ဒါကြောင့် ပြစ်ဒဏ်ထိထိရောက်ရောက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာပါ။"ဟု ဒေါ်ခင်မာ ကပြောသည်။

တရားလို၏ အစ်မဖြစ်သူ မဖြူဖွေးကလည်း "ကျွန်မညီမကို ပန်းကောင်းအညွှန့်ချိုးခံရတာပါ။ဒီလိုဖြစ်တာ ပြစ်မှုပေါ်နေတာကို တရာရုံးက ဒီလောက်ပဲချတာ တရားဥပဒေစိုးမိုးမှု မရှိလို့ပဲ။ဒါကို မကျေနပ်ဘူး။"ဟုပြောသည်။

မတ္တရာမြို့နယ်တရာသူကြီး ဒေါ်သန်းသန်းဆင့် က "ဆင်ခြင်တုံတရားနဲ့အမိန့်ချခဲ့တာပါ။ဆန္ဒပြတာကတော့ သူတို့လုပ်ပိုင်ခွင့်ပါ။ကျွန်မကတော့ မှန်မှန်ကန်ကန်ဆောင်ရွက် ခဲ့တာဆိုတော့ ပြောစရာ မရှိပါဘူး။" ဟု ပြောသည်။

No comments: