Thursday, March 24, 2016

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ တစ်ဦးကို ခန့်ပေးရန် ဒေသခံအချို့တောင်းဆို

ကျော်မင်း (စစ်တွေ)

၂၀၁၅ နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲအများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီမှ တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်နေရာ ခန့်အပ်ပေးရန် စစ်တွေမြို့နယ်ရှိ လူဦးရေ ၁၀၀၀ ကျော်က မတ်လ ၂၃ရက်က ဆန္ဒပြတောင်းဆိုလိုက်သည်။

ဆန္ဒပြရာတွင် ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်တဲ့ “၁/၂၀၁၆ အား ပြတ်သားစွာထောက်ခံကြောင်း" “ရခိုင်သည် ကျွန်မျိုးမဟုတ်” “ကိုလိုနီစနစ် .. ဒို့ လက်မခံ” အစရှိတဲ့ ဆောင်ပုဒ်များကို ကိုင်ဆောင်ပြီး စစ်တွေမြို့နယ် အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းအပြင် ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်အပေါ် အလေးအနက် ထားရှိဆောင်ရွက်ပေးစေရန် အစရှိသည့် ဆောင်ပုဒ်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးအောင်မြသိန်းက “ကျနော်တို့ အနေနဲ့ ဆန္ဒပြရတာဟာ ကိုယ့်လူမျိုးတွေကို ကိုယ့်ပါတီက ဖြစ်စေချင်လို့ပဲ၊ ဒီနေရာမှာရှိတဲ့ သူတွေအကုန်လုံးဟာ ရခိုင်အမျိုးသားပါတီကို ထောက်ခံတဲ့သူတွေပဲ၊ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်နေရာ ရရှိရေးကို ရခိုင်အမျိုးသားတစ်ဦးအား ခန့်အပ်သည် ဆိုသော်လည်း ထိုသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေ၍ ရခိုင်အမျိုးသားပါတီကသာ ဖြစ်စေချင်ကြောင်း ရခိုင်အလင်းတံခါး အမျိုးသမီးများအဖွဲ့မှ ဒေါ်ကျော့စိန်က ဆိုသည်။

“အရင် အစိုးရလက်ထက်ကလည်း ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်လူမျိုးပါပဲ။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီက မဟုတ်ခဲ့ဘူး၊ ကျမတို့က ဒီတစ်ကြိမ် ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီကပဲ ဖြစ်စေချင်တယ်၊ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒတွေပါ။” ဟု ပြောသည်။

ဆန္ဒပြပွဲကို မတ်လ ၂၃ရက် နေ့လည် ၂ နာရီက စတင်ကျင်းပခဲ့ပြီး နေ့လည် ၂နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

No comments: