Thursday, March 10, 2016

ဘားအံအခြေစိုက် ဖားစည်သံဂျာနယ်၏ အယ်ဒီတာချုပ် ဦးဇော်ရဲထက် ဖမ်းဆီးခံရ

ဇော်ခမ်းဟိန်း

ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် ဖားစည်သံဂျာနယ်၏ ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးဇော်ရဲထက် အား ဆက်သွယ်ရေးဥပဒေဖြင့် ယနေ့မြိုင်ကလေးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဘားအံမြို့မရဲစခန်းမှူး သက်စိုးက မဇ္ဈိမသို့ပြောကြားသည်။ ကရင်ပြည်နယ်အတွင်း ဌာနပေါင်းဆုံက အဂတိလိုက်စားမှုအကြောင်းကို လူမှုကွန်ယက် ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားခဲ့သည့်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ဇန်န၀ါရီ ၂၆ ရက်နေ့တွင် တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။

 ''သူကဘယ်မှာရှောင်နေလဲတော့မသိဘူး။ ဒီနေ့မြိုင်ကလေးမှာ ကုန်သွယ်လယ်ယာနဲ့ ဒေါ်ညိုနဲ့ ပြဿနာဖြစ်တာ သူတို့က လူအင်အား ၂၀ လောက်နဲ့ အုတ်တံတိုင်းလာဖျက်တဲ့အချိန် ကျွန်တော်တို့ ဖမ်းမိခဲ့တာ။'' ဟု စခန်းမှူးသက်စိုးကပြောသည်။ ဦးဇော်ရဲထက်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ (ပ) ၂၃/၂၀၁၆ ဖြင့် ဘားအံတရားရုံးတွင် ယမန်ယူပြီး မြို့မရဲစခန်း၌ချုပ်ထားခဲ့ကာ ယခုညနေ ၅နာရီတွင် တောင်ကလေး အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီးဖြစ်ကြောင်း ဘားအံမြို့မရဲစခန်းမှသိရသည်။ မီဒီယာလုပ်ငန်း လုပ်ဆောင်သူကို စာနယ်ဇင်းကောင်စီထံ တိုင်ကြားချင်းမရှိဘဲ အရေးယူခြင်းမှာ ဥပဒေနှင့် မညီညွတ်သည့်အတွက် မြို့နယ်တရားသူကြီးထံ ရမန်ယူ၍ ပြန်လည်တရားစွဲမည်ဟု ဦးဇော်ရဲထက်က ပြောသွားကြောင်း တရားရုံးသို့ သတင်းလိုက်ယူသော ဘားအံမြို့ခံ ကိုအောင်ပက ပြောသည်။

 ယနေ့ ဖမ်းခံရသူ ဦးဇော်ရဲထက်က ''အခွန်မသွင်းဘဲ တွဲကားတွေနဲ့ တောလမ်းကနေ တစ်ညကို ၁၂ စီး ကနေ အစီး ၂၀ ထိ ဖြတ်တဲ့ သူတွေရှိတယ်။ အစ်ကိုတို့ဆီမှာ ဓါတ်ပုံအထောက်အထား တွေရှိပါ တယ်။ ကုန်သွယ်ရေးဇုန်ကနေ အခွန်မသွင်းဘူး။ တရားဝင်သွင်းခွင့်ရတဲ့ ကုမ္ပဏီက ရဲတပ်ဖွဲ့မှူးကိုသွားပြော တော့ သူတို့နဲ့မဆိုင်ဘူး ကာစတန်နဲ့ဆိုင်တယ်လို့ပြောတယ်။ ကာစတန်ကိုသွားပြောတော့ ခင်ဗျားတို့ စစ်ဆေးပိုင်ခွင့်မရှိဘူး လို့ပြောတယ်။ ဒေသခံလုပ်ငန်းရှင်တွေက အစ်ကို့ကိုပြောတော့ အွန်လိုင်းပေါ်မှာ ရေးလိုက်တယ်။ ဒါကြောင့်တရားစွဲတာ။'' ဟု ဖေဖော်ဝါရီ ၂ ရက်နေ့က မဇ္ဈိမသို့ပြောကြား ခဲ့ဖူးသည်။

 ဖားစည်သံဂျာနယ်ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးဇော်ရဲထက်မှာ ယခင်မြန်မာပိုစ် နှင့်မြန်မာပိုစ် ဂလိုဘယ်ဂျာနယ်တွင် အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ လူဘောင်သစ်ပါတီ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်သည်။

No comments: