Tuesday, March 22, 2016

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရေးရာကော်မတီ ၁၂ ဖျက်သိမ်း

မျိုးသူအောင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောက်ရှိ ရေးရာကော်မတီ(၁၂)ခုအား အသစ်ပြန်လည်ဖွဲ့စည်းရန် ဖျက် သိမ်းကြောင်း မတ် ၂၁ရက်နေ့က ကြေညာလိုက်သည်။

စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီ၊ အမျိုးသမီးရေးရာကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ လွတ်တော်ရေးရာကော်မတီ စသည့် ကော်မတီများအား မတ် ၂၁ရက်နေ့က စတင်ဖျက်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာခဲ့ခြင်း ဖြစ်သည်။

ကော်မတီများဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက "အသစ်ပြန်ဖွဲ့ဖို့ ဖျက်သိမ်းတာပါ။ အတိအကျတော့ပြောလို့မရပါဘူး။ အမြန်ဆုံးပြန်ဖွဲ့မှာပါ"ဟု ပြောသည်။

အဖွဲ့ချုပ် ပါတီဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများတွင် ပါဝင်နေခြင်း သို့မဟုတ် ပါဝင်မည်ဆိုပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ခွင့်ပြုချက်တောင်းခံရန်နှင့် ၎င်းအဖွဲ့အစည်းများ၏ လုပ်ငန်းများပါဝင်ဆောင်ရွက်ရန်ရှိပါကလည်း ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ကြိုတင်တောင်းခံရမည် ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်း ညွှန်ကြားချက်များနှင့် ရေးရာကော်မတီများ ဖျက်သိမ်းခြင်းကို မတ်လ ၂၀ရက်နေ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments: