Monday, March 14, 2016

ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွင် ကောက်ယူရရှိလက်မှတ်များ ထိုင်းသံရုံးသို့ပေးပို့

ကောင်းမြတ်နိုင် (မောင်တော)


ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ နှစ်ဦး လွတ်မြောက်ရေး အတွက် စုဆောင်း ကောက်ယူရရှိထားသည့် လက်မှတ်ပေါင်း ကိုးသောင်းကျော်ကို မတ်လ ၄ရက်နေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံရှိ ထိုင်းသံရုံသို့ ပေးပို့ခဲ့သည်ဟု သတင်း ရရှိသည်။

ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် လူပ်ရှား စုဆောင်း လက်မှတ်ကောက်ယူမှုကို ဦးဆောင်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံမှ လူ့အခွင့်အရေး လှုပ်ရှားမှု တာဝန်ခံ ကိုတင်ဦးက “မတရား သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အတွက် လက်မှတ်တွေ ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ ဒီလှုပ်ရှားမှုဟာ ထိုင်းတရားစီရင်မှုကို တစ်စုံတစ်ခု အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။

မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းထွန်းလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး – AASYC၊ ရခိုင်အမျိုးသမီး သမဂ္ဂ-RWU၊ ရခိုင်အမျိုးသမီးများကွန်ယက် – RWN၊ ရခိုင်မျိုးဆက်သစ်အဖွဲ့- ARG၊ တက္ကသိုလ်ရခိုင်လူငယ်များအသင်း – AYAOU၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်-ရန်ကုန်) တို့ပါဝင်ပြီး ဆန္ဒပြုလက်မှတ်ပေါင်း (၉၇၀၃၇) ကောက်ခံ ရရှိခဲ့ကြောင်း သိရသည်။

၎င်းလက်မှတ်များနှင့်အတူ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းဝန်ကြီးချုပ်ထံသို့ လိပ်မူထားသည့် အင်္ဂလိပ်-မြန်မာ-ထိုင်း ၃ဘာသာဖြင့် ရေးသားထားသော အသနားခံစာ တစ်စောင်ကိုလည်း ပူးတွဲပေးပို့ ခဲ့ကြောင်းသိရသည်။

မိတ္တူကို မတ်လ ၇ရက်နေ့တွင် မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးသို့ ပေးပို့သွားမည်ဖြစ်ပြီး ထိုင်းတော်ဝင် အစိုးရအဖွဲ့ဝင်များ၊ သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၀န်ကြီးချုပ်၊ ဗြိတိသျှတော်ဝင်အစိုးရအဖွဲ့၊ ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ယက်၊ ထိုင်းနိုင်ငံ နှင့် မိဘပြည်သူများထံ ဖြန့်ဝေကြောင်းသိရသည်။

၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း အပန်းဖြေစခန်း၌ ဗြိတိန်နိုင်ငံသားများဖြစ်ကြသော Mr. David Miler နှင့် Ms. Hannah Witheridge တို့အား အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြင့် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့က ကော့စမွှေခရိုင်တရားရုံးက အမှု ၇မှုဖြင့် ၀င်းနှင့် ဇော်ကို သေဒဏ်ချမှတ်ခဲ့သည်။

တရားရုံးဆုံးဖြတ်ချက်မှာ သမာသမတ်မရှိဟု အများက ယူဆပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြန်မာနှင့် နိုင်ငံတကာတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

No comments: