အောင်ကိုဦး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၊ ကျောက်စရစ်မြောက်ကျေးရွာရှိ ရေနံ့သာအဆင့်မြင့် ကုန်ထုတ် သမဝါယမအသင်းနှင့် ဒေသခံတောင်သူများ မြေယာ အငြင်းပွားမှုနှင့် ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ သတင်းထုတ်ပြချက်အား မကျေနပ်သည့် အတွက် ဒေသခံတောင်သူများက မတ် ၇ ရက် မွန်းလွဲ ၁ နာရီက 88 Cafe တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။
ဖေဖော်ဝါရီ ၂၉ ရက်ထုတ် ရတနာပုံသတင်းစာတွင် အငြင်းပွားလျက်ရှိသည့် မြေသည် သမဝါယမအသင်း မှ ဖော်ထုတ်စိုက်ပျိုးခဲ့သောမြေယာဖြစ်ပြီးဒေသခံ တောင်သူများအနေဖြင့် ဝင်ရောက် ကျူးကျော်နေထိုင်ခြင်းနှင့် ထွန်တုံးတိုက်ပွဲပြုလုပ်ကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရေးယူဆောင်ရွက်မှုများပြုလုပ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ က ထုတ်ပြန်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲလာရောက်ပြုလုပ်သူများက အမှုကိုရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ တစ်ဖက်သတ်ထုတ်ပြန်ချက်ကို လည်းအသိအမှတ်မပြုကြောင်းဆိုသည်။
``ကျွန်တော်တို့ ဘိုးဘွားတွေ ဓားမဦးချလုပ်ကိုင်စား သောက်ခဲ့တာဖြစ်တယ် ။ သူတို့ပြောသလို သမဝါယမက ဖော်ထုတ်ထားတာမဟုတ်ဘူး ။ ကျူးကျော်နေထိုင်တယ် ဆိုတာလည်း ကျွန်တော်တို့မြေ ကျွန်တော်တို့ လုပ်စားတာ ပြန်နေတာပါ ။ ထွန်တုံးတိုက်ပွဲလုပ်တာကလည်း တောင်သူတွေပါပဲ ။ ´´ ဟု ကျောက်စရစ်မြောက်ရွာ မှ ဦးဆောင်သူ ကိုရဲရင့်အောင် ကသတင်းစာရှင်းလင်းပွဲတွင် ပြောသည် ။
အဆကျေးရွာရှိ ကွင်းအမှတ် ၁၄၃နှင့်ကွင်းအမှတ်၁၄၄ ၊ရေနံ့သာကွင်း အမှတ်၁၄၉ အတွင်းရှိ လယ်မြေဧက ၆၀၀ ကျော်အား ပြန်လည်ရယူရန် ဓါးမဦးချပိုင်ဆိုင်သော ဒေသခံ တောင်သူများ မှ ၂၀၁၄ခုနှစ် မတ် မှစတင်၍ ထွန်တုံးတိုက်ပွဲပြုလုပ်ကာ မြေယာများကို ပြန်လည်သိမ်းယူခဲ့ကြပြီး စိုက်ပျိုးမှုများကို ယနေ့အချိန်ထိဆက်လက်လုပ်ကိုင်ခဲ့ကြသည်ဟု ကိုရဲရင့်အောင်က ဆိုသည်။
ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ဦးဆောင်ခဲ့သူ ကိုရဲရင့်အောင်အား ၅၀၅ (ခ) ဖြင့်ဖမ်းစီးထောင်ချခဲ့ပြီး ၄င်း အပါအဝင် ဒေသခံတောင်သူ အယောက် ၂၀ အား ပုဒ်မ (၁၄၅) ဖြင့်အရေးယူထားသည့်အတွက် အမှုရင်ဆိုင်ဆဲဖြစ်သည်ဟုလည်း ကိုရဲရင့်အောင်ကထပ်လောင်းပြောသည် ။
ထွန်တုံးတိုက်ပွဲတွင်ပါဝင်သူများနှင့်ဝင်ရောက်စိုက်ပျိုးနေသူများကို ရေနံ့သာအဆင့်မြင့် ကုန်ထုတ် သမဝါယမအသင်း မှ လယ်ယာမြေများအပေါ်တောင်သူများ အတင်းအဓမ္မဝင်ရောက်စိုက်ပျိုးနေထိုင်သည်ဟုဆိုကာ နစ်နာကြေးငွေ ကျပ်သိန်း ၄၃၀၈.၄ ရလိုမှုအတွက် တရားမမှုဖြင့် တောင်သူ ၆၈ ဦးအား ထပ်မံ တရားစွဲဆိုထားသည် ဟု ကိုရဲရင့်အောင်ကဆိုသည်။
``သူတို့ပိုင်တယ်လို့ပြောရအောင် သူတို့မှာ ပိုင်ဆိုင်တဲ့ အထောက်အထားရှိလား ။ ကျွန်တော်တို့မှာက ရေခွန်မြေခွန် အထောက်အထားတွေက အင်္ဂလိပ်မင်း လက်ထက်ကတည်းက ရှိတယ် ။ အခွန်ဆောင်တာဆို ကျပ်ပြား ခေတ်ကတည်းကပါ ။´´ ဟု ဒေသခံတောင်သူ ဦးနေဝင်း က သတင်းစာရှင်းလင်းပွဲတွင် ပြောသည် ။
အဆိုပါကျေးရွာမှမြေများအား ၁၉၈၇ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနက မြေယာလျော်ကြေး သီးနှံလျော်ကြေး မပေးဘဲ သိမ်းခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံမြေများပြန်လည်ရရှိရန် စာတင်သော်လည်း လုပ်ဆောင်ပေးခြင်းမရှိသည့်အတွက် ထွန်တုံးတိုက်ပွဲပြု၍ မြေများပြန်လည် သိမ်းယူခြင်းဖြစ်သည်ဟု ကိုရဲရင့်အောင်ကဆိုသည်။
No comments:
Post a Comment