ဖနိဒါ
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာဒေသနှင့် အပစ်အခတ် ရပ်ဆဲထားသည့် ဒေသများတွင် အများဆုံး တွေ့ရကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် မြန်မာနိုင်ငံ(ND-Burma) ၏ ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာထိ ၁၂ လကြာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုအတွင်း အချက် အလက်များ ကောက်ခံခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း ၈၄ ခု မှတ်တမ်းတင် နိုင်ခဲ့ပြီး ယင်းချိုးဖောက်မှုထဲမှ ၂၆ ခုသည် ညှင်းပန်းနှိပ်စက်မှု အဖြစ်များဆုံးဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ဒေသခံရွာသားတွေကို ရွာအနီးမှာ တွေ့တာဘဲ ဖြစ်ဖြစ်၊ တိုက်ပွဲဖြစ်ထားတဲ့ အနီးတဝိုက်မှာ တွေ့တာဘဲ ဖြစ်ဖြစ် ရွာသားတွေကို တွေ့ရင် စစ်တပ်က သံသယ ဖြစ်ပြီးတော့ ဖမ်းဆီးတာတွေ ရှိတယ်။ ဒီလူတွေက တိုင်းရင်းသားအဖွဲ့တွေနဲ့ ပတ်သက်နေလား။ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက လူတွေလား အဲဒီလို သံသယ ဖြစ်ပြီးတော့ ဖမ်းတယ်။ ညှင်းပန်းနှိပ်စက်ပြီး မေးမြန်းတယ်။ အဲဒီလိုကိစ္စက အများဆုံးတွေ့ဆုံး တွေ့ရတယ်”ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် မြန်မာနိုင်ငံ(ND-Burma)မှ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုဟန်ကြီးက ပြောသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လွတ်လပ်စွာ ထုတ် ဖော်ခွင့်နှင့် အဖွဲ့အစည်း အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပိတ်ပင်သည့် ချိုးဖောက်မှု ၁၇ ခု၊ သတ်ဖြတ်မှု ၁၁ ခု၊ အတင်း အဓမ္မ စေခိုင်းခြင်း ၆ ခု၊ အတင်းအဓမ္မပြုကျင့်ခြင်း ၅ ခု၊ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုများ ၄ ခု၊ ပျောက်ဆုံးခြင်း ၃ မှု၊ လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးခြင်း ၂ ခု၊ အဆင်းအဓမ္မရွှေ့ပြောင်းခြင်း ၁ ခုတို့ အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှု ၈၄ ခု သည် အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့မှ အရပ်သားများအပေါ် ပစ်မှတ်ထား ကျူးလွန်ခြင်း တွေ့ရကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာပါ ဖြစ်ရပ်များသည် စစ်တပ်မှ ကျူးလွန်မှုကို ခံခဲ့ရသူများကိုယ်တိုင်၊ တိုက်ရိုက် ပြောဆိုချက်များဖြစ်ပြီး မျက်မြင် သက်သေများမှ ပြောဆိုသော အချက်အလက်များနှင့် လေ့လာသူများက အတည်ပြုပေးသော အချက်အလက်များအရ မြန်မာအစိုးရ စစ်သားအများဆုံး ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ တနသာရီ၊ ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်း စသည့် တိုင်းနှင့် ပြည်နယ် ၉ ခုတွင်သာ ကောက်ယူနိုင်ခဲ့ပြီး လူ့အခွင့်အရေးကွန်ယက် မြန်မာနိုင်ငံအနေဖြင့် သတင်းအချက် အလက်များ စုဆောင်းရန်အတွက် ကန့်သတ်ချက်အချို့နှင့် ကြုံတွေ့ရပြီး လုံခြုံရေးတင်းကြပ်ထားမှုကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုအား စုဆောင်း၊ မှတ်တမ်း တင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ကိန်းဂဏန်းများအရ လျော့ နည်းသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ မှတ်တမ်းတင်နိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အများအပြား ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု ကိုဟန်ကြီးက ပြောသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၇ ခုရှိကြောင်းလူ့အခွင့်အရေးမှတ်တမ်းကွန်ယက်(ND-Burma) က မှတ်တမ်းတင်ကာ ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment