Thursday, March 3, 2016

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်အားလုံးကို အန်အယ်လ်ဒီ အမတ်များကိုသာခန့်အပ်မည်

နော်နိုရင်း


တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၄ နေရာ စလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကိုသာ ခန့်အပ်ဖို့ရှိတယ်လို့ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

“မူအရတော့ ကျနော်တို့အဲလိုပဲလုပ်ထားတယ်။ ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ထား ပြီးပြီ။ ဒါပေမယ့် အခုကျနော်တို့ မပြောသေးဘူး။”

ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းကို မတ်လ ၃၁နေ့အထိ သို့မဟုတ် အဲဒီမတိုင်ခင်မှာ လည်း ထုတ်ပြန်သွားမယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

အစောပိုင်းက ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် ၄ ခုကို စစ်တပ်ပိုင်းက ၀န်ကြီးချုပ်တာဝန်ယူဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ ပေမယ့် အဲဒီသတင်းတွေဟာ ကောလဟာလတွေသာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါ တယ်။

ရခိုင်အမျိုးသားပါတီကတော့ ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရပါက မည်သည့် အစိုးရ အဖွဲ့အစည်းနဲ့မဆို လုံးဝပါဝင်ခြင်းမပြုဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအနေ နဲ့ရပ်တည်သွားမယ်လို့ ကြေညာထားတာပါ။

လက်ရှိ ၀န်ကြီးချုပ်ကို အန်အယ်ဒီထဲကပဲ ရွေးချယ်တင်မြောက်မယ့်အပေါ်မှာ ရခိုင် အမျိုးသားပါတီက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဘယ်သူ့ကိုပဲ ခန့်ခန့် ရခိုင်ပြည်နယ်ရဲ့ အကျိုးစည်းပွားအတွက် လွှတ်တော်ကနေပဲ ထိန်းကျောင်းသွား မယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာက သူတို့ခန့်လိုက်တဲ့လူတွေကို ကျနော်တို့ကန့်ကွက်လို့ရတာက အရည်အချင်း ပျက်ယွင်းသူ အဖြစ်ပဲ ကျနော်တို့ ကန့်ကွက်လို့ရတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနဲ့ပြည့်မှီတယ်ဆိုရင်တော့ ကျနော်တို့ ကန့်ကွက်လို့မရဘူး။ အဲတော့ သူခန့်ချင်တဲ့လူခန့်လို့ရပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့သည် လွှတ်တော်မှာ ကျနော်တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ မှန်မှန်ကန်ကန် လုပ်ရဲ့လား၊ ရခိုင်ပြည်သူ အကျိုးစီးပွားအတွက်လုပ်ရဲ့လားဆိုတာ ကျနော်တို့ လွှတ်တော်ကပဲ ထိန်းကျောင်းသွား မှာဖြစ်ပါတယ်။”

ရခိုင်ဝန်ကြီးချုပ်ခန့်အပ်ရေးမှာ အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်အမျိုးသား ပါတီနဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်စေချင်တယ်လို့လည်း ဦးဇော်အေးမောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ရွေးချယ်ခန့် အပ်တာဝန်ပေးရမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကသတ်မှတ် အရည်အချင်းနဲ့ ပြည့်စုံသင့်လျော်တဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးကို ရွေးချယ်ခန့် အပ်နိုင်တာပါ။

ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဟာ သမ္မတက အမည်စာရင်း တင်သွင်းသူကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ငြင်းပယ်ခွင့်မရှိစေရလို့လည်း ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။

No comments: