Monday, March 28, 2016

ဖမ်းဆီးခံထားရသည့် ကျောက်ဖြူ ကျေးလက် ဒေသဖွံ့ဖြိုးရေး ဥက္ကဋ္ဌနှင့် အဖွဲ့ကို ရုံးထုတ်လာစဉ် ဒေသခံလူထု ပန်းကုံးစွပ်၍ နုတ်ဆက် ကြိုဆို

ကျော်ဝင်း(ကျောက်ဖြူ)


ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီး ခံထား ရသည့် ကျောက်ဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ကို ကျောက်ဖြူမြို့နယ် တရားရုံးသို့ ရုံးထုတ် လာစဉ် ကျောက်ဖြူဒေသ ခံများက ပန်းကုံးများ စွပ်ပြီး ကြိုဆို နှုတ်ခွန်း ဆက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

“ ဒီလို မြင်ကွင်းမျိုးက ကျွန်တော်တစ်သက်မှာ ဒီတစ်ကြိမ် တွေ့ဖူးတာပါ။ အစိုးရက ဖမ်းဆီးထားတဲ့ သူတွေကို ရဲအစောင့်အရှောက်နဲ့ တရားရုံးကို ယူလာတဲ့အခါ လူအုပ်ကြီးက မကြောက်မရွံ့ ပန်းကုံးတွေ စွပ်ပြီး ကြိုဆိုတယ်ဆိုတာ တကယ်ကို ထူးခြားတဲ့ ဖြစ်စဉ်ပါဘဲ။ ကျွန်တော်အထူး အံ့သြမိပါတယ်” ဟု ကျောက်ဖြူဒေသခံ မောင်မြင့်ကျော်က ပြောသည်။

ယနေ့ (မတ်လ ၂၁ ရက်နေ့) ဖမ်းဆီးခံထားရသော ကျောက်ဖြူကျေး လက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်အေး အပါအ၀င် လူသုံးဦးကို ကျောက်ဖြူမြို့နယ် တရားရုံးတွင် တတိယ အကြိမ် ရုံးထုတ်လာစဉ် သူတို့အား လေးစားချစ်မြတ်နိုးသူ (၁၆၀) ခန့်က ပန်းကုံးများစွပ်ကာ ကြိုဆို နုတ်ဆက်ခဲ့ကြသည်။

တတိယအကြိမ်မြောက်ရုံးချိန်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တရားလိုပြသက်သေ ဗိုလ်ကြီးတင်အောင် ကိုစစ်ဆေးခဲ့ကြောင်း သူတို့ အမှုကို လိုက်ပါဆောင်ရွက်နေ သည့် ရှေ့နေတစ် ဦးဖြစ် သူ ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

“ ဦးမောင်အေးတို့ သုံးဦးကိုတော့ မစစ်ဆေးသေးဘူး။ စရဖ က တရားလိုပြသက်သေ ဗိုလ်ကြီး တင်အောင်ကို ဒီနေ့ စစ်ဆေးတယ်။ ရက္ခိုင့်တပ်မတော်(AA) နဲ့ ဆက်သွယ် လုပ်တယ်ဆိုပြီး တရားလိုပြသက်သေ က ထွက်ဆို သွားတယ်“ဟု ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

နောက်ထပ် စစ်ဆေးရန် သက်သေ လေးဦးကျန်ရှိနေသေးကြောင်း၊ ဧပြီလ(၁)ရက်နေ့ကို ထပ်မံ ချိန်းဆို လိုက်ကြောင်း ဒေါ်ကြည်ကြည်နှင်း ကဆက်လက်ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်မတော်(AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲ ဖမ်းဆီးခံရသူ သုံးဦးမှာ ဦးမောင်အေး (လိပ်ခမော်ကျေးရွာ- ကျောက်ဖြူမြို့နယ်)၊ ဦးထွန်းသာဖြူ (ယင်ရဲကန်ကျေး ရွာ -ပေါက်တောမြို့နယ်) နှင့် ဦးဇော်ဝင်းမောင် ( ကုလားချောင်းကျေးရွာ- ပုဏ္ဍားကျွန်းမြို့နယ်) ဖြစ်ကြပြီး ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူ က တရားလိုလုပ်ပြီး မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းတို့သုံးဦး စလုံးကို ဇန်န၀ါရီလ(၂၁)ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ ဦးမောင်အေး ၏နေအိမ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

No comments: