Monday, March 21, 2016

မအီစိတ်ကြွဆေးပြားဖမ်းဆီးရမှု နောက်ဆက်တွဲ မြောက်ဒဂုံတွင် စိတ်ကြွဆေးပြား လေးသိန်းကျော် ထပ်မံ ဖမ်းဆီးရမိ

နိရဉ္စရာ၊


တောင်ကုတ်မြို့နယ် မအီ စုပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းကျော်အား မတ်လ ၇ ရက်နေ့က ဖမ်းဆီးမိပြီးနောက် နောက်ထပ် စိတ်ကြွဆေးပြား လေးသိန်းကျော်ကို မြောက်ဒဂုံမြို့နယ်မှ သက်ဆိုင်ရာက ထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူ ယာဉ်မောင်း သိန်းကျော်နှင့် ဒေါ်သန္တာဦးတို့အား ဆက်လက် စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းတို့ နေထိုင်ရာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှ နေအိမ်သို့ မတ်လ ၈ ရက်နေ့ ညနေပိုင်းက ၀င်ရောက် ရှာဖွေရာ ကျပ်သိန်းပေါင်း ၂၃၅၀၀ ခန့် တန်ဖိုးရှိ wy စာတန်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၄၇၀၀၀၀ ပြားကို ခရီးဆောင် လက်ဆွဲအိတ်နှစ်လုံး အတွင်းမှ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းဖမ်းဆီးမှုကို ဒဂုံမြောက်မြို့မရဲစခန်းမှ ရဲအရာရှိများနှင့် မူးယစ်တပ်စု (၄၁) မှ အရာရှိများက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း သူတို့နေထိုင်ရာ အိမ်အတွင်းရှိ အောက်ထပ်မှ အပေါ်ထပ်သို့ တက်သည့် လှေကား အောက်ခန်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မတ်လ ၇ ရက်နေ့က တောင်ကုတ်မြို့နယ် မအီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြား တန်ဖိုးမှာ သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော်ဖိုး ရှိကြောင်း၊ သူတို့အား မအ (ပ) ၁/ ၂၁၀၆၊ မူးယစ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ ဖြင့် တို့ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

No comments: