Saturday, March 12, 2016

စစ်တွေတွင် မူးယစ်ဆေးဝါး သိန်းတစ်ရာကျော်ဖိုးဖမ်းမိ

ခိုင်ခိုင်ဇံ


ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် လူနှစ်ဦးထံမှ မူးယစ်ဆေးဝါး သိန်းတစ်ရာကျော်ဖိုး ဖမ်းမိခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းဆေးဝါများကို စစ်တွေမြို့နယ် သက္ကယ်ပြင် ကျေးရွာအုပ်စု ဆတ်အိုးရွာမှ မတ်လ ၁ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် စစ်တွေခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း ဖမ်းဆီးရမိခြင်း ဖြစ်သည် စစ်တွေမြို့နယ် ရဲအုပ် အေးခင်မောင်က အတည်ပြု ပြောကြားသည်။

ဖမ်းဆီးမိသော မူးယစ်ဆေးဝါးများမှာ ၂ မီလီဂရမ် အာနိသင်ရှိ Buprenorphine ထိုးဆေး ၃၉၃၀ ပုလင်းကို Save the children တံဆိပ်ပါ အဖြူရောင် ပလတ်စတစ် ပုံးအတွင်းမှလည်းကောင်း ၊ ၅၀ ဂရမ် တံဆိပ်ပါ အဖြူရောင် ပီနံအိတ်အတွင်းမှ အိန္ဒိယနိုင်ငံထုတ် ဖန်စီဒိုင်း (Phense Dyl) ပုလင်း ၂၃၀၊ ၁ လီတာဝင် PMG ရေသန့်ဗူးတွင် ထည့်ထားသော ဖန်စီဒိုင်း ဆေးရည် ၂ ဗူး၊ အဖြူရောင် ပလတ်စတစ် အိတ်အတွင်း ထည့်ထားသော ဖန်စီဒိုင်း ပုလင်းအခွံ ၂၀၊ အလျား ၂ ပေ ၄ လက်မ၊ အနံ ၁ပေ ၃ လက်မ၊ အမြင့် ၇ လက်မ ရှိသော အစိမ်းနှင့် အနီ အရောင်သုတ်ထားသော သေတ္တာထဲရှိ အပြာရောင် ပလတ်စတစ်အိတ် နှစ်လုံး အတွင်းမှ ဆေးခြောက်ရွက် အလေးချိန် ၆၅၃ ဒဿမ ၅ ဂရမ်နှင့် အပြင်မှ တိတ်အ၀ါဖြင့် ပတ်ထားသော အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည် ဆေးရွက်ခြောက် အလေးချိန် ၈၁၆ ဒဿမ ၅ ဂရမ် တို့ဖြစ်ကြောင်း ရဲအုပ် အေးခင်မောင်က ပြောဆိုသည်။

၎င်းမူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသော သူနှစ်ဦးမှာ မာမောက်ရှော်ရီ (၂၇) နှစ် (ဘ) ဦးမာမောက်အီဆက်နှင့် ဇာဂီ ဟူဆောင်း (၂၀) နှစ် (ဘ) မာမောက်ရှော်ဘီ တို့ ဖြစ်ကြောင်း၊ သူတို့နှစ်ဦးအား မယ(ပ) ၉/ ၂၀၁၆- မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင်ပြီး ဒုရဲအုပ် မင်းဇင်ထိုက်မှ လက်ခံ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ်၂၀၈၇၇၉၀၀ ဖိုးရှိသည်ဟု ဆိုသည်။

No comments: