Thursday, March 10, 2016

သမ္မတအဖြစ် ရေပန်းစားနေတဲ့ ဒေါက်တာမျိုးအောင်

ဧရာဝတီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က တင်မြှောက်မယ့် သမ္မတအဖြစ် ရေပန်းစားနေသူ ၄ ဦးထက် မနည်း ရှိနေရာ သူရဦးတင်ဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာမျိုးအောင်၊ ဦးထင်ကျော် တို့က သမ္မတလောင်း အဖြစ် ရှေ့ပြေးနေပါတယ်။

သမ္မတလောင်းအဖြစ် ရေပန်းစားနေသူတွေထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးသာ ပါဝင် ပြီး အဲဒီပုဂ္ဂိုလ်က တော့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်ပဲ ဖြစ်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်အသိုင်းအ၀ိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မတင်နိုင် သေး ရင် ယာယီသမ္မတအဖြစ် ပြည်သူ့လွှတ်တော်ကရွေးချယ်မယ့် ဒုသမ္မတကိုပဲ သမ္မတ အဖြစ်တင်မြှောက်ဖို့ ရှိနေ တယ်လို့ ဧရာဝတီကို ပြောဆိုပါတယ်။

ဒေါက်တာမျိုးအောင်ဟာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ဖြစ်ပြီး၊ NLD ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်ပါတယ်။ ဒေါက်တာမျိုးအောင်ဟာ ပြည်သူ့လွှတ် တော်က ရွေးချယ်မယ့် သူတွေထဲမှာ သမ္မတဖြစ်လာဖို့ အလားအလာရှိနေသလို၊ အသက်အရွယ်အရ သော်လည်းကောင်း၊ မိသားစု အရေးနဲ့ပတ်သက်လို့သော်လည်းကောင်း နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်မှန်သမျှနဲ့ ငြိစွန်း တာ မျိုး မရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါက်တာမျိုးအောင် ဘယ်လိုလူစားမျိုးလဲ။ သူ့ကိုဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းအဖြစ် ရွေးချယ်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

ကိုယ်ရေးအကျဉ်း

၁၉၅၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာ မွေးဖွားတဲ့ ဒေါက်တာမျိုးအောင်ဟာ အခုဆို အသက် ၆၅ နှစ်ရှိပြီဖြစ် ပါတယ်။ ၁၉၆၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး၊ မန္တလေး ဆေးတက္ကသိုလ် တက်ရောက်ခဲ့ရာ ၁၉၇၇ ခုနှစ်မှာ ဆရာဝန်ဘွဲ့ (M.B.B.S) ကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ မကွေးတိုင်းအောင်လံမြို့၊ ရွှေပန်းတော၊ သမ္ဘူလစတဲ့ ကျေးရွာသမ ၀ါယမ ဆေးခန်း၊ ၁၉၈၀ – ၁၉၈၁ ခုနှစ် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သမ၀ါယမ ဆေးခန်း မှာ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရန်ကုန်မှာကိုယ်ပိုင်ဆေးခန်း ဖွင့်ခဲ့ပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း

၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်မတော်ဆေးမှူး (National Service Militia) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေမှာ ကာကွယ်ရေးအမြင် (သို့မဟုတ်) စစ်ရေးအမြင် ရှိရမယ်ဆိုတဲ့ အချက်ပါဝင်နေတာကြောင့် တပ်မတော်သား ၁ဦးဖြစ်ခဲ့တဲ့ ဒေါက်တာမျိုးအောင်ဟာ ဒီအချက်နဲ့လည်း ပြည့်စုံနေပြန်ပါတယ်။

“ဆရာမျိုးအောင်က တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့တော့ သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ကာကွယ်ရေးအမြင်တို့ စစ်ရေးအမြင်တို့ဆိုတာတွေနဲ့ ကိုက်ညီပါတယ်။ သူ့ကို အဘက်ဘက်က သုံးသပ်ရင်တော့ ချို့ယွင်းချက်မရှိဘူး” လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး က ပြောပါတယ်။

၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ရာမှ စစ်အစိုးရက နိုင်ငံရေးနဲ့ ပတ်သက်ဆက်စက်မှုကြောင့် ၁၉၉၁ ခုနှစ်မှာ တာဝန်မှ ရပ်စဲခြင်းခံခဲ့ရပါတယ်။

NLD သို့ဝင်ရောက်ခြင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှု

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝင်ရောက်ခဲ့ရာ စစ်အစိုးရလက်ထက်မှာ မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

“ဆရာဦးမျိုးအောင်ကို ထောက်လှမ်းရေးက ရဲမွန်မှာမကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်” လို့ NLD လူငယ်တဦးက ပြောပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်ကိုတိတိကျကျလုပ်တတ်ပြီး အနေအေးတဲ့ ဒေါက်တာမျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရွေးချယ်ခံခဲ့ရသလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရပါတယ်။

မိသားစုဘ၀နဲ့ သူဘယ်လိုလူစားလဲ

ဒေါက်တာမျိုးအောင်က အနေအထိုင်အေးဆေးလွန်းပြီး နူးညံ့သိမ်မွေ့လွန်းတယ်လို့ မိသားစုဝင်တွေနဲ့ NLD ပါတီ အသိုင်းအ၀ိုင်းက ဆိုပါတယ်။ ဒေါက်တာမျိုးအောင်ရဲ့ ဇနီး ဒေါ်ခင်စောမူဟာ ရခိုင်အမျိုးသမီးတဦးဖြစ်ပြီး လက်ရှိ သမီး ၁ဦး ထွန်းကားပါတယ်၊ ဇနီးဖြစ်သူ ဒေါ်ခင်စောမူကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

“ဆရာက အရမ်းအေးတယ်။ တနေ့လုံးနေလို့မှ စကားတခွန်းမပြောဘူး။ သူအားရင် စာဖတ်နေတာပဲ” လို့ ဇနီးဖြစ် သူ ဒေါ်ခင်စောမူက ဆိုပါတယ်။

မိသားစုစီးပွားရေးအဖြစ် စမ်းချောင်းမြို့နယ်မှာရှိတဲ့ တိုက်ခန်းကို ငှားရမ်းထားတဲ့အပြင် ကုမ္ဗဏီဝန်ထမ်းဖြစ် တဲ့ သမီးဖြစ်သူကလည်း မိဘတွေကို ပြန်ကြည့်တယ်လို့ အသိမိတ်ဆွေတွေက ဆိုကြပါတယ်။

“သူတို့က စီးပွားရေးရယ်လို့ မလုပ်ကြပါဘူး။ သူတို့နေတဲ့ စမ်းချောင်းတိုက်ခန်းကို ငှားပြီး ဒဂုံမြို့သစ်မှာ ပြောင်း ရွှေ့နေကြတယ်။ သမီးနဲ့သမက်ကလည်း အနေအေးတယ်။ သာမန်ကုမ္ဗဏီဝန်ထမ်းတွေပါ။ ဒေါက်တာ မျိုးအောင် က အရမ်းကို အနေအေးတယ်။ စကားပြောရင်လည်း အရမ်းကိုညင်သာလွန်းတယ်။ တဖက်လူကို အရမ်းအားနာ တတ်တယ်။ အမြဲပြုံးနေတဲ့ လူမျိုးဗျ” လို့ ဒေါက်တာမျိုးအောင် ရဲ့ မိတ်ဆွေ တဦးက ပြောပါတယ်။

No comments: