Saturday, March 12, 2016

ငြိမ်းချမ်းရေး ဖြစ်စဉ်၌ စစ်မှန်သည့် တန်းတူညီမျှမှု ဖော်ဆောင်ပေးရန် ကရင်အမျိုးသမီးအစည်းအရုံး တောင်းဆို

စအိုင်ဆူး

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ စစ်မှန်သည့် တန်းတူညီမျှမှုကို အကောင်အထည်ဖော်ပေးရန် ကရင်အမျိုးသမီးအစည်းအရုံး-KWO က ယခုနှစ် မတ်လ ၈ရက်နေ့၌ ကျရောက်မည့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုလိုက်သည်။

KWO အတွင်းရေးမှူး နော်ကညောဖောက “တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ဖို့အတွက် သဘောတူထားတာ ရှိတယ်။ လက်တွေ့မှာ ဖြစ်မလာတဲ့အတွက် သူတို့တွေအနေနဲ့ သဘောတူထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျမ ပြောချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကျား/မ တန်းတူရေးအတွက် အကောင်အထည် ဖော်ဆောင်ပေးမှုကို စွမ်းစွမ်းတမံ တောင်းဆိုသွားရေးအပြင် နေရာကဏ္ဍအသီးသီးတွင် ထင်ရှားကျော်ကြားသည့် အမျိုးသမီးများစွာ ရှိသည့်အတွက် အခွင့်အရေးရှိလျှင် ၎င်းတို့လုပ်ဆောင်နိုင်သည့် ကဏ္ဍများစွာရှိကြောင်းကိုလည်း ဖော်ပြသွားမည်ဟု နော်ကညောဖောက ဆက်ပြောသည်။

ထို့အပြင် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် မတ်လ ၃ရက်တွင် ထုတ်ပြန်သည့် KWO ၏ ကြေညာချက်၌ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဦးဆောင်မှုများ၌ အမျိုးသမီးပါဝင်မှုပိုမိုလိုလားကြောင်း၊ ဦးဆောင်မှုအပိုင်း များတွင် အမျိုးသမီးများကိုပိုမို အားပေးမှုပြုရန်၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အမျိုးသမီးများ ပါဝင်ရန်နှင့် အမျိုးသမီးများအပေါ် နှိမ်ချပြောဆိုမှုကို ရပ်တန့်ပေးရန် အပါအ၀င် အချက် ၆ချက်ကို တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်အပေါ် KNU တွဲဘက် အတွင်းရေးမှူး(၁)ပဒိုစောသောသီဘွဲက “နိုင်ငံရေး ဆွေးနွေးပွဲတွေ မှာ အမျိုးသမီးပါဝင်ဖို့ အခန်းကဏ္ဍကို အမြဲထည့်သွင်းစဉ်းစားထားတယ်။ သို့သော်လည်းပဲ ကိုယ်ဆွေးနွေးရမယ့် ခေါင်းစဉ်အလိုက်၊ ကဏ္ဍအလိုက်ကျရင်တော့ သူနဲ့ ပိုင်ဆိုင်ရာ ကဏ္ဍတွေမှာ ဆွေးနွေးတာ ကောင်းတာပေါ့။ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ဖို့ သူတို့အရေအတွက်အရ သော်လည်းကောင်း၊ ဒါလေးတွေကတော့ ယခင့်ယခင်က မရှိခဲ့ဘူး။ အခုမှာ တတတ်တအားပါဝင်နိုင်ဖို့ ကြိုးစားသော်လည်းပဲ အဲ့လောက်အရေအတွက် တောင် ပါဝင်နိုင်ပါ့မလားဆိုတာ ထည့်စဉ်းစားရမှာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံရေးကိစ္စရပ်များတွင် အမျိုးသမီးများ သာမက ပြည်သူလူထုတစ်ရပ်လုံး ပါဝင်နိုင်မှ နိုင်ငံရေး ဆွေးနွေးအား ပိုကောင်းမည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးအောင်မြင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် လူတိုင်းပူးပေါင်းပါဝင်သင့်သည်ဟုလည်း ပဒိုစောသောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။

KWO မှ ဦးဆောင်ပြီး ယခုနှစ် ကျရောက်မည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို KNU ထိန်းချုပ်နယ်မြေများဖြစ်ကြ သည့် တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ ဖားအံခရိုင်တို့အပြင် မယ်ရာမို၊ အုန်းဖျန်၊ ထမ့်ဟင်၊ အီတိုးထနှင့် နို့ဖိုး စသည့် နယ်စပ်ရှိ ဒုက္ခသည်စခန်းတို့တွင် ကျင်းပသွားမည်ဟု သိရသည်။

၁၉၀၈ခုနှစ်က အမေရိကန်ပြည်နယ်၊ နယူးယော့ခ်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၎င်းတို့၏ အလုပ်ချိန်များ လျှော့ပေးရေး၊ လစာတိုးပေးရေးနှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုသည့် မတ်လ ၈ရက်နေ့ကို အစွဲပြု၍ နိုင်ငံတကာအမျိုးသမီးများနေ့ဟု သတ်မှတ်ကာ အမေရိကန်ဆိုရှယ်လစ်ပါတီက ၁၉ဝ၉ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် စတင်ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် ဆောင်ပုဒ်ကို ‘ကျား/မတန်းတူရေးအတွက် စွမ်းစွမ်းတမံလှုပ်ရှားကြစို့’ ဖြစ်သည်။

No comments: