မျိုးသူအောင်
ရန်ကုန်မြို့သစ် စီမံကိန်းကို အစိုးရသစ်၏ ကြီးကြပ်ထိန်းချုပ်မှုဖြင့် လက်တွဲဆောင်ရွက်သွားမည်ဟု ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန့်က ပြောသည်။
မတ်လ ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက်၊ ဦးပိုင် ငွေပင်လယ် သင်္ဘေကျင်းရှေ့ရှိ ကွင်းအမှတ်(၃၈)B တွင်ပြုလုပ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း စတင်အကောင် အထည်ဖော်ခွင့်ပြုမှုကို ထောက်ခံသည့် အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"စီမံကိန်းကြီး ဖြစ်မလိုမဖြစ်မလိုနဲ့ ဈေးတွေတက်လာလိုက် ကျသွားလိုက်၊ စီမံကိန်း ပျက်သွားပြီဆို အောက်ကြေးနှိုက်ပြီး လာဝယ်လိုက်နဲ့ လယ်တွေက တဖြေးဖြေးဆုံးပါးခဲ့တာများပါပြီ။ အခုစီမံကိန်းကြီး ဖြစ်မယ်ဆိုတော့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ ဘာတွေရမယ်ဆိုတာ သိတော့ လယ်တွေ မရောင်းကြတော့ပါဘူး။ ကျွန်တော်တို့ အများကြီး ရှေ့ဆက်ခရီးသွားရပါဦးမယ်။ ကျွန်တော်တို့ လာမယ့်အစိုးရနဲ့ လက်တွဲပြီးတော့ သူတို့ ထိန်းချုပ်ကြီးကြမ်မှုနဲ့ ဆက်ပြီးတော့ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်"ဟု ဦးခင်မောင်သန့်က ပြောသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲအခမ်းအနားကို ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးကော်မတီက ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် ပန်းလှိုင်မြစ်နှင့် တွံ့တေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ - တွံတေး ကားလမ်းကြားတွင်တည်ရှိပြီး ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်တို့ ပါဝင်နေကြောင်း သိရသည်။
မြို့သစ်တည်ဆောက်ရေး တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများအနေဖြင့် ဒေသခံများနှင့် ညှိနှိုင်းသဘောတူထားသည့် အချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ကုန်အနောက်တောင်ဖွံ့ဖြိုးရေး ကော်မတီအနေဖြင့် ဒေသခံများမနစ်နာစေရေး၊အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီတာဝန်ရှိသူများက ဆိုသည်။
"ကြိုဆိုရမှာပဲလေ။ ဒီဘက်မှာက လယ်စိုက်လို့ကလည်း မကိုက်ကြဘူးလေ။ တစ်ဧက တင်း ၂၀ အစိပ် ထွက်ဖို့တောင် အနိုင်နိုင်ဆိုတော့ ဒီစီမံကိန်းက ဒေသခံတွေအတွက် ကောင်းမွန်တဲ့ ကိစ္စဖြစ်နေတယ်လေ။ အကျိုးအမြတ်တွေလည်းရလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရလာမယ်ဆိုတော့ ဒါကကောင်းတဲ့ကိစ္စပါ"ဟု စီမံကိန်း ဧရိယာအတွင်းပါဝင်သည့် တမာတကောရွာမှ ဦးသောင်းခင်က ပြောသည်။
စီမံကိန်းဧရိယာအတွင်း လယ်မြေဧက သုံးသောင်းဝန်းကျင်ပါဝင်ပြီး လယ်ပိုင်ရှင်များအနေဖြင့် အကျိုးအမြတ်ခံစားခွင့်အနေဖြင့် လယ် တစ်ဧကလျှင် တစ်ဧက၏ ၂၀ရာခိုင်နှုန်းနှင့်ညီမျှသော မြေကွက်တစ်ကွက်နှင့် တိုက် ခန်း ၂ခန်းစီရရှိကြမည် ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား ၂၀၁၂ခုနှစ်တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICA)မှ မဟာရန် ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းတွင် မြို့ပြစီမံကိန်းရေးအတွက် အချက်အလက်ကောက်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြစ်ကူးတံတား(၅)စင်း၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အငှားအိမ်ယာ စီမံကိန်းများ၊ ဘိုးဘွားရိပ်သာ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြတိုက်တို့ ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာ မြို့အင်ဂါရပ်နှင့် အညီတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းစတင်သည့်နေ့တွင် မြစ်ကူးတံတားတစ်စင်း စတင်ပနက်ချမည် ဖြစ်ကြောင်း တင်ဒါချထားပေးရေး အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
"အရင်ဆုံးတော့ EIA,SIA စစ်ရလိမ့်မယ်။ ပြီးရင်တော့ တံတားတစ်စင်းစပြီး ပန္တွက်တင်မယ်လို့ အကြမ်းဖျင်း သတင်းပို့ထားတယ်။တံတား လုပ်ငန်းစတယ်လို့ ပြောရင်ရတယ်ပေါ့"ဟု ၀န်ကြီးဦးကျော်စိုးက ပြောသည်။
မတ်လအတွင်း စတင်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဖေဖေါ်ဝါရီလ လကုန်ပိုင်းက ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းစီမံကိန်းအား ရန်ကုန်အနောက်ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များဦးစီး ထူထောင်ထားသည့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများ နှင့် သက်ဆိုင်သောကုမ္ပဏီ၊ Bussiness Capital City Development Ltd နှင့် ရွှေပုပ္ပါး ကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်မှ ၂၀၁၄ခုနှစ် နိုဝင်ဘာလက ခွင့်ပြုခဲ့ပြီး ပြန်လည်ဆန်းစစ်ရန် ကိစ္စရပ်များ ရှိသည်ဟုဆိုကာ ပြန်လည် ဆိုင်းငံ့ထားခဲ့ရာမှ ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment