မဇ္ဈိမ
အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းကာ လွှတ်တော်ရုံးအတွင်း ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ပ ဧည့်သည်များနှင့် တွေ့ဆုံခြင်းတို့သည် ဥပဒေနှင့် ညီမညီ ကြံ့ခိုင်းရေးပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ်က မေးခွန်းထုတ်လိုက်ပြီး ပါတီအဖွဲ့အစည်း၏ အဆောက်အအုံတွင်သာ တွေ့ဆုံသင့်သည်ဟု ရေးသားသည်။
ပြည်ထောင်စုနေ့စဉ် သတင်းစာ၏ “ဒီမိုကရေစီ စစ်စစ်သည် ဥပဒေနှင့်ညီသည်” ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားသည့် အယ်ဒီတာ့အာဘော်တွင် ရေးသားသားထားခြင်းဖြစ်သည်။ “မဲဆန္ဒနယ် တစ်ခု၏ ကိုယ်စားလှယ် ပါတီဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်အတွင်း နိုင်ငံခြားဧည့်သည်များကို တွေ့ဆုံနေခြင်းသည် ဥပဒေနှင့် ညီညွတ်ရဲ့လား ဆန်းစစ်ဖို့ လိုပါသည်။
ပါတီခေါင်းဆောင် တစ်ဦးသည် ပါတီအဖွဲ့အစည်း၏ အဆောက်အအုံတွင်သာ တွေ့ဆုံသင့်ပါသည်” ဟု ပြည်ထောင်စုနေ့စဉ်၏ ဖေဖေါ်ဝါရီ ၂၆ ရက် အာဘော်က ရေးသားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းနှင့် ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးတွင် တွေ့ဆုံခဲ့ပြီး ပြည်ပဧည့်သည်များနှင့်လည်း အခါအားလျော်စွာ တွေ့ဆုံလေ့ရှိသည်ကိုလည်း ပြည်ထောင်စု နေ့စဉ်က မေးခွန်းထုတ်သည်။
လွှတ်တော်အတွင်း ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒနယ် တစ်ခုမှ ကိုယ်စားလှယ် အဆင့်သာရှိသေးပြီး ကိုယ်စားလှယ်အားလုံး အဆင့်အတူတူပင်ဖြစ်သည်ဆိုကာ ”သို့သော် ပါတီခေါင်းဆောင်က ပါတီရုံးချုပ်တွင် လုပ်ဆောင်ရမည့် ပါတီဝင် ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌများကို လွှတ်တော်ရုံးတွင် တွေ့ဆုံခြင်းသည် ဥပဒေနှင့် ညီညွတ်ရဲ့လား ဆန်းစစ်ရမည်ဖြစ်သည်” ဟုလည်း ပြည်ထောင်စု နေ့စဉ် အာဘော်က ဆိုသည်။ ပါတီစွဲ၊ ဝါဒစွဲ ပုဂ္ဂိုလ်စွဲများ လွှမ်းမိုးချိန်တွင် လူအများ၏ ဆန္ဒသည် ဒီမိုကရေစီဖြစ်သော်လည်း မှန်ကန်သော ဒီမိုကရေစီမဖြစ်နိုင်ပါဟုလည်း ပြည်ထောင်စုနေ့စဉ်က ရေးသားသည်။
No comments:
Post a Comment