Tuesday, March 22, 2016

သင်္ကြန်တွင် ရေချွေတာရေး သပြေခက်ဖြင့် ရေပက်ရန် ဒေါက်တာထွန်းလွင်တိုက်တွန်း

ဝါဆို

ယခုနှစ်သည် အယ်လ်ဒီညို ရာသီဥတုဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်သင်္ကြန်တွင် မြန်မာရိုးရာနှင့်အညီ သပြေခက်နှင့် ရေဖလားလောင်း၍ ရေကစားက ပိုမိုသင့်တော်မည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းလိုက်သည်။

မတ်လ ၂၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် အယ်နီညိုနှင့် မြန်မာ့သင်္ကြန် ဟောပြောပွဲတွင် ပြောကြားခြင်းဖြစ်သည်။

“ဒီနှစ်ရေပိုရှားမည့် အရပ်ဒေသတွေကို မျှဝေဖို့ ရေကို ချွေတာစုဆောင်းထားပြီး သင်္ကြန်ကို မြန်မာ့ရိုးရာနဲ့ ကိုက်ညီတဲ့ သပြေခက်တို့ ရေဖလားတို့ လောင်းလှေတို့နဲ့ ရေကစားပြီး ဆုပေးမဏ္ဍပ် အလှပြကား သံချပ်တို့ ဘက်ကို ပိုဇောင်းပေးကြရင် သင့်တော်မယ်လို့ မြင်တယ်”ဟု ၎င်းကပြောသည်။

၂၀၁၆ ခုနှစ် သင်္ကြန်သည် အယ်လ်နီညို ရာသီဖြစ်ပေါ်မှုက ယခင်နှစ်များထက် စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ရန်ကုန်တစ်မြို့လုံး ရေကစားပါက ရေဂါလံ ၂၄ သန်း ပြုန်းတီးနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ထောက်ပြသည်။

"ဒီနှစ်အယ်လ်နီညိုဖြစ်ပေါ်မှုဟာ အရင်ကစံချိန်ကို ချိုးသွားလို့ ရာသီဥတုတွေ ပိုပြင်းထန်မယ်။ ရေချိုတွေ အရင်နှစ်တွေထက် ပိုရှားပါးခန်းခြောက်မယ်တဲ့။ ဒီနှစ်သင်္ကြန်ကလည်း အကြပ်ရက်ကလည်း နှစ်ရက်ထပ်နေတော့ အရင်နှစ်တွေက စံချိန်အတိုင်း ရေကစားကြမယ်ဆိုရင် ရန်ကုန်တစ်မြို့ထဲတင် ရေဂါလံ ၂၄သန်း ပြုန်းတီးမယ်တဲ့။”ဟု ၎င်းကပြောသည်။

ထိုကြောင့် ရေကစားသူများ အနေဖြင့် ရေကို ချွေတာသုံးစွဲသင့်ကြောင်းနှင့် အယ်နီညိုရာသီဥတုကို ထိန်းသိမ်းရင်း ရေရှားပါးသည့် အရပ်ဒေသများသို့ ရေပြန်လည်မျှဝေ သုံးစွဲရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။

No comments: