Monday, March 7, 2016

မူးယစ်ဆေး တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်များကို ရဲတပ်ဖွဲ့ စတင်စစ်ဆေး

ဖနိဒါ (မဇ္ဈိမ)

ကချင် လူထုအခြေပြု လူထုအခြေပြု ကချင်မူးဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(Pat Jasan) လက်နက်ဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ အဖွဲ့ ခေါင်းဆောင်များကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ မတ်လ ၂ ရက်က စတင်စစ်ဆေးနေပြီ ဖြစ်သည်။

“ရဲမှူးက ဟိုမှာ ဘယ်လို ဖြစ်ခဲ့တယ်။ ဘယ်သူတွေ ဘာပြောတယ်။ ဘာလုပ်တယ်။ ဘယ်လို တွေ့မြင်တယ်ဆိုတာ မေးတယ်။ ဥပမာ မီးရှို့တဲ့လူတွေ့ရင် တွေ့တယ်။ ဘယ်သူတွေ ပစ်ခတ်တယ်ဆိုတာ သိချင်တယ်။ ကျနော်တို့ကို လက်နက်ကိုင် အဖွဲ့ကလူတွေ ပစ်တယ်လို့ ပြောခဲ့ပါတယ်”ဟု ဦးဂျီဇုန်းဒိန်းက မဇ္ဈိမကို ပြောသည်။

မတ်လ ၂ ရက် နံနက် ၉ နာရီမှ ၁၂ နာရီခန့်ထိ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဝိုင်းမော်မြို့နယ် ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဌ ဦးဂျီဇုန်းဒိန်းအား အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဦးဂျီဇုန်းဒိန်နှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(၄)ခေါင်းဆောင် ဆရာနော်တောင်၊ အဖွဲ့ (၂) ခေါင်းဆောင် ဆရာဟောင်းဂျုံးတို့ကို စစ်ဆေးနေခြင်း ဖြစ်ပြီး ဘိန်း စိုက်ပျိုးသူများ ဘက်က လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂၉ ဦးကိုလည်း စစ်ဆေး မေးမြန်းသွားမည်ဟု သိရကြောင်း သူက ပြောသည်။

ထို့အပြင် ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ လိုက်ပါခဲ့သော ပြည်နယ် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဘက်မှလည်း အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အမှုတင်ထားသဖြင့် ၄င်းတို့ကိုလည်း စစ်ဆေးမေးမြန်းသွားမည်ဟု ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ဒေသခံ ရွာသားများ အပြန်အလှန် တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုများ မေးမြန်းစစ်ဆေးရန်အတွက် စေလွှတ်ပေးပါရန် မတ်လ ၁ ရက်နေ့က ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဆင့်ခေါ်စာပေးပို့ခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက်က ဝိုင်းမော်မြို့နယ် ဝေမိုးကျေးရွာနှင့် ထန်းမိုးခမ်းကျေးရွာအနီး ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နှင့် ဒေသခံ ရွာသာများ အပြန်အလှန် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ဥပဒေမဲ့ ဆောင် ရွက်ခြင်းများနှင့် တာဝန်ရှိသူများ၏ ကြပ်မတ်အားနည်းမှုများ တွေ့ရှိရသဖြင့် စစ်ဆေး ဖော်ထုတ် အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဥက္ကဌအဖြစ် ပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်၍ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီဒေသရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်ခဲ့ရာမှ ဘိန်းစိုက်ပျိုးသူများက လက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ထိခိုက် ဒဏ်ရာရှိခဲ့သဖြင့် ပြည်သူလူထု ဆန္ဒဖော်ထုတ်မှု ၂ ရက်ကြာ ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင် ပြည်နယ် ရဲတပ်ဖွဲ့နှင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ ပြည်နယ် လုံခြုံရေး လုံလောက်မှု မရှိခဲ့သဖြင့် လုံခြုံရေး ထပ်မံ တိုးမြင့်ပေးရန် ပြည်ထောင်စု အစိုးရသို့ တင်ပြရန် ဖေဖော်ဝါရီလ ၂၆ ရက် သဘောတူညီခဲ့ကြသည်။

ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အင်အား ၂၀၀၀ ကျော်သည်လည်း လုံခြုံရေး လုံလောက်မှုမရှိသဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်က ပြန်လှည့်လာခဲ့သည်။

No comments: