Monday, March 14, 2016

KIA တပ်မဟာ (၆) ဖွဲ့စည်းခြင်း အကြောင်း ဒေသခံ တရုတ်များ ကို ရှင်းလင်း

Kachinnews


ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၆) တိုးချဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ အထူးသဖြင့် တရုတ်လူမျိုးများအား တွေ့ဆုံရှင်းပွဲ အစီစဉ်ကို KIA တပ်မဟာ (၄) ဌာနချုပ် မိုင်ဂျာယန် တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။

KIO တောင်ပိုင်းတိုင်း ဥက္ကဌ လဖိုင်ဇော်ရော်မှ ဦးဆောင်ပြီး တပ်မဟာ (၄) နှင့် (၆) အရာရှိများ တက်ရောက်ကာ KIA တပ်မဟာ (၆) ကို ဖွဲ့စည်းရခြင်း အကြောင်းနှင့်အတူ ကချင်လွတ်လပ်ရေးအဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ၏ သမိုင်းကြောင်း ကိုလည်း ဒေသခံ တရုတ်လူမျိုးများအား ရှင်းပြခဲ့သည်။

ယင်း ရှင်းလင်းပွဲသို့ KIA တပ်မဟာ (၆) နယ်မြေ၊ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ နယ်မြေဖြစ်ခဲ့သည့် မုန်းဘော်၊ မုန်းကို နှင့် ဖောင်းဆိုင် ဒေသတဝိုက်မှ တရုတ် ဒေသခံ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း တပ်မဟာ (၆) အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

တပ်မဟာ (၆)တွင် တပ်ရင်း ၂၊ ၃၆၊ ၃၇ နှင့် ၃၈ တို့ ပါဝင် ဖွဲ့စည်းထားပြီး ဆက်လက် တိုးချဲ့ ဖွဲ့စည်းသွားရန် ရှိကြောင်း တာဝန်ရှိသူများ ပြောပါသည်။

အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ (၆)နယ်မြေ မုန်းကိုဒေသ တစ်ဝိုက်တွင် ယမန်နေ့က အစိုးရနှင့် တိုက်ခိုက်မှုများရှိခဲ့ပြီး မနက်ပိုင်းတွင် လွယ်ဝင်း (Loi Wing) ၌တစ်ကြိမ် နှင့် ညနေပိုင်း ဟိုပုန်း (Hu Pung) တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယခုချိန် အစိုးရတပ်က တပ်မဟာ (၃) ဒေသသို့ စစ်အင်အား တိုးချဲ့မှုများပြုလုပ်နေပြီး ယမန်နေ့ ညနေပိုင်းမှ သံလွင်မြစ်အရှေ့ဘက် ကိုးကန့်ဒေသမှ စစ်အင်အား ၂၀၀ ကျော် သည် သံလွင်ကူး၍ ဖောင်းဆိုင်၊ မုန်းကို ဘက်သို့ ဦးတည်လာနေကြောင်း တပ်မဟာ (၆) အရာရှိများပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆)ဖွဲ့စည်းခြင်းကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

No comments: